သံတွဲမြို့ကို စစ်ကောင်စီက ကုန်ပစ္စည်းသယ်ယူခွင့် ပိတ်ပင်ထား
********
ခင်သရဖီဦး
ဇွန် ၁၄၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် စစ်ကောင်စီက သံတွဲမြို့အဝင်အထွက်လမ်းတွေကို ပိတ်ဆို့ထားပြီး ကုန်ပစ္စည်းများ အား သယ်ယူခွင့်ပိတ်ပင်ထားသည်ဟု ဒေသခံများထံက သိရသည်။
သံတွဲမြို့တွင်းသို့ လူဝင်ခွင့်ပြုပေးထားသော်လည်း မည်သည့်ကုန်ပစ္စည်းမှ သယ်ယူခွင့်မရှိသည့်အတွက် ကုန်စည်ပြတ် လပ်မှုများဖြစ်နေသည်ဟု ဆင်ခေါင်းကျေးရွာသားတစ်ဦးက ဆိုသည်။
၎င်းက ” သံတွဲမြို့ကို လူချည်းပဲ သွားလာလို့ရတယ်။ ကုန်ပစ္စည်းက တစ်ခုမှ တရားဝင်သယ်လို့မရပါဘူး။ စစ်တပ်ကို ငွေတွေ အဆမတန်ပေးပြီးမှ သူတို့ မှောင်ခိုလမ်းကြောင်းတွေက ပေးသွားပါတယ်။ ငွေလမ်းခင်းပြီး သွားနေရတာပေါ့” ဟု ဆိုသည်။
အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ကြား ပြီးခဲ့သည့် မတ်လအတွင်းမှစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် သံတွဲမြို့အဝင်အထွက်တွင် ကုန်စည်သယ်ယူခွင့်ကန့်သတ်ပိတ်ပင်ထားသည်မှာ ရက် ၂၀ ဝန်းကျင်ရှိနေပြီဖြစ်သည်။
ထိုကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကုန်ပစ္စည်းသယ်ယူခွင့် ပိတ်ပင်ထားသည့်အတွက် ကုန်ဈေးနှုန်းကြီးမြင့်နေသလို
ဆေးဝါးပြတ်လပ်မူများလည်းရှိလာသည်ဟု လင်းသီးကျေးရွာသားတစ်ဦးက ပြောသည်။
၎င်းက “ကျနော်တို့ စစ်ရှောင်နေတဲ့နေရာတွေမှာ ဆေးတွေလည်း ပြတ်နေပါတယ်။ စျေးကြီးပေးပြီး ဝယ်လို့ရတဲ့ အနေ အထား လည်းမရှိပါဘူး။ ကျနော်တို့က ဒီတိုင်းပြေးလာတော့ ဘာမှလည်းပါမလာဘူး။ အခုကတော့ ဆွေးမျိုးအိမ်မှာ ကပ်နေပါတယ်။ ရှေ့ဆက် ဘာလုပ်ရမှန်းလည်း မသိဘူး ” ဟု ဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ၄ ရက်တွင် စစ်ကောင်စီတပ်က ဆင်ခေါင်းကျေးရွာအား AA ရှိသည်ဟုဆိုကာ ရေတပ် (နေဗီ)၊ Y12 အပြင် ကြည်းတပ်တို့ကပါ ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံ ၆၀ ကျော်ထိ သေဆုံးခဲ့သည်။
လက်ရှိတွင် ဆင်ခေါင်းကျေးရွာက ဒေသခံအားလုံးသည် တခြားနေရာများသို့ စစ်ဘေးတိမ်းရှောင်နေကြရသည်။
ဆင်ခေါင်းကျေးရွာမှ စစ်ရှောင်နေသည့် အမျိုးသမီးတစ်ဦးက “အိမ်က အဝတ်အထည်လောက်နဲ့ ပြေးလာတာပါပဲ။ တစ်ခုမှလည်း ပါမလာဘူး။ စားဝတ်နေရေးက လုံးဝအဆင်မပြေဘူး။ အခက်အခဲရှိပါတယ်။ နေစရိတ် စားစရိတ်က လည်းကြီးတော့ တော်တော် ဒုက္ခရောက်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သည် သံတွဲမြို့အဝင်အထွက်အလမ်းများကိုး ပိတ်ထားပြီး မြို့ပတ်ပတ်လည်တွင် လုံခြုံး ရေးတိုးမြှင့်ထားသည်ဟု ဒေသခံများထံက သိရသည်။