ကျိုက်မရောအကျဉ်းထောင်က အကျဉ်းသားတစ်ဦး ပေ ၂၀ကျော်အမြင့်မှ ပြုတ်ကျ၊ အသက်အန္တရာယ်စိုးရိမ်ရ
*********************
သဇင်
ဇွန် ၁၃၊၂၀၂၄။
မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်ရှိ အကျဉ်းသား ၁ ဦးသည် တန်းပိတ်ချိန်တွင် ထောင်အာဏာပိုင်များ၏ ခိုင်းစေမှုကြောင့် အမြင့်ပေ၂၀ကျော်တွင် ဝရိန်ဆော်ရာမှ ဓာတ်လိုက်ကာ ပြုတ်ကျခဲ့ပြီး ဆေးကုသမှုခံယူနေရသည် ဟု အကျဉ်းထောင်နှင့်နီးစပ်သူများထံမှ သိရသည်။
ယမန်နေ့ မေလ ၁၂ရက် ညနေ ၅နာရီခွဲခန့်တွင် အမျိုးသားဆောင် နှင့် အမျိုးသမီးဆောင်ကြားတွင် သံပြားကာခိုင်းရာမှ ဓာတ်လိုက်မှုဖြစ်ပွားခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ခြင်း မပြုလုပ်သောကြောင့် အရေးအပေါ် ဆေးကုသမှုပေးရန်အတွက် အကျဉ်းသားက နှစ်နာရီကျော်ကြာ တောင်းဆိုမှုပြုလုပ်ခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသူများအဖွဲ့က ထုတ်ပြန်ထားသည်။
အမြင့်ပေ (၂၀)တွင် အလုပ်လုပ်ခိုင်းသော ထောင်အာဏာပိုင်များအနေဖြင့် တက်ရောက်အလုပ်လုပ်မည့်သူအား အန္တရာယ်ကင်းစေသည့် အသုံးအဆောင်ပစ္စည်းများ စီမံပေးခဲ့ခြင်းမရှိသောကြောင့် ယခုကဲ့သို့ ဓာတ်လိုက်ပြုတ်ကျ ခြင်းသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ဆိုသည်။
“ အကျဉ်းထောင်ကဘက် ဆေးရုံကို ပို့တဲ့အခါမှာလည်း အနည်းဆုံးတစ်နာရီကျော်အထိကို ကြာခဲ့တယ်။ အကျဉ်းသား တွေက ဒါကို ထောင်ပိုင်ညွှန်ကြားရေးမှူးတွေ တာဝန်ယူရမယ်ဆိုပြီး ဝိုင်းဝန်းတောင်းဆိုကျတဲ့အခါမှ လာရောက်ခေါ် ထုတ်သွားတာပါ” ဟုဆိုသည်။
ထို့အပြင် ညပိုင်းမှာလည်း အမျိုးသမီးအဆောင် နှင့် အမျိုးသားအဆောင်ကို မီးဖြတ်တောက်ပြီး ထောင်ပိတ်ချိန်တွင် ယခုလိုခိုင်းစေခဲ့သည်ကို သက်သေမကျန်ရန် ဖျောက်ဖျက်ပြီး လုပ်လက်စပစ္စည်းများကို သိမ်းဆည်းသွားသည်ဟု ကို သိုက်ထွန်းဦးက ဆိုသည်။
လက်ရှိတွင် အကျဉ်းထောင်များအတွင်း ထောင်အာဏာပိုင်များမှ နိုင်ငံရေးအကျဉ်းသားနှင့်အခြားအကျဉ်းသားများအား အတင်းအကြပ်အလုပ်စေခိုင်းမှုများရှိနေသည်ဟု အကျဉ်းထောင်နှင့်နီးစပ်သူတစ်ဦးက ဆိုသည်။
“ဒီလိုအလုပ်ခိုင်းတဲ့နေရာမှာ ထောင်ရဲ့ အလုပ်တွေအပြင် ထောင်၀န်ထမ်းနဲ့ အရာရှိတွေ အကျိုးစီးပွားအတွက် အလုပ် တွေကိုပါ လုပ်ခိုင်းနေပါတယ်။ ဥပမာ နိုင်ငံရေးအကျဉ်းသူတွေကို ကွမ်းယာရာခိုင်းတာ၊ ဟင်းချက်ခိုင်းတာမျိုးတွေပါ ဒီအလုပ်တွေကနေ ထောင်အရာရှိတွေ ပိုက်ဆံရှာနေတာဖြစ်ပါတယ်”ဟု ဆိုသည်။
လက်ရှိတွင် ထိုသူသည် မော်လမြိုင်ဆေးရုံကြီးတွင်ဆေးကုသမှုခံယူနေပြီး အသက်အန္တရာယ်စိုးရိမ်းရသည်ဟု PPNM က ထုတ်ပြန်ထားသည်။