ရခိုင်တွင် စစ်ကောင်စီတပ်က ပစ်ခတ်၍ နှစ်ရက်အတွင်း ဒေသခံ ၁၂ ဦး ဒဏ်ရာရ
************
ခင်သရဖီဦး
ဇွန် ၁၂၊ ၂၀၂၄။
ရခိုင်ပြည်ရှိ ပေါက်တော၊ ကျောက်ဖြူ၊ မြေပုံမြို့နယ်တို့အား စစ်ကောင်စီက ဇွန်လ ၁၁ ရက်နေ့နှင့် ယနေ့ ဇွန်လ ၁၂ ရက်နေ့တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီး၊ ဒရုန်း၊ Y-12 လေယာဉ်တို့ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံကျေးရွာသား ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ယနေ့ နံနက် ၆နာရီ ကျော်ခန့်တွင် အမ်းရှိ လေကြောင်းကာကွယ်ရေး လက်နက်ကြီးတပ်က ပစ်ခတ်ခဲ့သည့် လက်နက် ကြီးမှာ မြေပုံမြို့နယ်၊ မြေပုံအင်ကြင်းရွာသို့ ကျရောက်ခဲ့သည့်အတွက် အသက် ၄၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးဒဏ်ရာရရှိခဲ့သည်။
“ကျေးရွာအနီးအနားက တောတန်းကို ပစ်တာပါ။ ဒီနေ့ နံနက် ၆နာရီမှာ လေးလုံးပစ်တာပါ။ အဲ့အချိန်ရွာကို တစ်လုံးကျ ပြီး ဗုံးစမှန်သွားတာ။ ဒဏ်ရာက ခါးနဲ့ ဝမ်းနာမှာ ဒဏ်ရာရသွားတယ်” ဟု မြေပုံဒေသခံတစ်ဦးက ဆိုသည်။
ထို့အပြင် ပြီးခဲ့သည့် ဇွန်လ ၁၁ ရက် နံနက်ပိုင်းတွင် ပေါက်တောမြို့နယ်၊ မြို့ပေါ်ရပ်ကွက် (၁)၊ သဝင်ချောင်းကျေးရွာ ၊ မနော်သီရိကျေးရွာနှင့် လက်ပံပြားကျေးရွာများအား လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှု (၄) ကြိမ်နှင့် ဒရောဗုံး (၁၃) ကြိမ် ထက်မနည်းပြုလုပ်ခဲ့ခြင်းကြောင့် ဒေသခံ အမျိုးသား (၆) ဦးနှင့် အမျိုးသမီး (၄) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း AA က ဇွန် ၁၁ ရက်က ထုန်ပြန်ခဲ့သည်။
ထို့အပြင် ကျောက်ဖြူမြို့နယ် မီးကျောင်းတက် ကျေးရွာအားလည်း ဇွန်လ ၁၁ ရက်နေ့တွင် နံနက် ၉နာရီမှ ညနေ ၄ နာ ရီ အချိန်ထိ စစ်ကောင်စီ ဂုံးချွန် အခြေစိုက် နန်းသဲတောင်ရှိ တပ်စွဲထားသည့် ကြည်တပ်က လက်နက်ကြီး (၁၇) လုံးခန့် ပစ်ခတ်ခဲ့သည်ဟု ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။
ယင်းသို့ ပစ်ခတ်ခဲ့သည့်အတွက် အသက် ၈၂ နှစ် အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့သည်။
” ဂုံးချွန်တိုက်နယ်၊ နှမ်းဖဲတောင်မှာ အခြေစိုက်တဲ့ စစ်တပ်က လက်နက်ကြီးပစ်တာ။ ၉နာရီကနေ ၄နာရီ အထိကို ပစ်တယ်။ အကုန်းလုံးက ၁၇ လုံးပစ်တယ်။ ရွာပြင်နားက တောကို ပစ်တာပါ။ အဖွားမှာက နောက်ကျော့မှာ ဒဏ်ရရသွားတယ်။ ဗုံးစ ထိသွားပါ” ဟု ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအထိနာနေ၍ အာရက္ခတပ်တော်ထိန်းချုပ်ထားရာ မြို့၊ ရပ်ရွာများနှင့် လက်ရှိတိုက် ပွဲများပြင်းထန်နေသည့် မောင်တော၊ အမ်း၊ သံတွဲ စသည့် မြို့နယ်များနှင့် အနီးအနားကျေးရွာများအား ပစ်မှတ်ထား၍ ရေကြောင်း၊ လက်နက်ကြီး၊ လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုများကို ပိုမိုပြုလုပ်လျက်ရှိသည်ဟု ဇွန်လ (၁၁) ရက်နေ့ တွင် AA က ထုတ်ပြန်ထားသည်။
ပုံ – စစ်တပ်ကပစ်ခတ်၍ ဒဏ်ရာရရှိခဲ့သည့် ပေါက်တောဒေသခံတစ်ချို့/AA Info Desk
****
Telegram – > https://t.me/ThanLwinKhetNews/4780
YouTube -> https://youtu.be/64zTrEXeLCI
Website -> https://thanlwinkhet.net/?p=10486