ကျောက်တံခါးမြို့နယ်က စစ်ကောင်စီ အထိုင်စခန်းများကို ပူးပေါင်းတပ် တိုက်ခိုက်
*************
မေသံလွင်
ဇွန် ၁၂ ၊ ၂၀၂၄။
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ အထိုင်စခန်းများကို ကာကွယ်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ယမန်နေ့တွင် ကျောက်တံခါးမြို့နယ်၊ ဘာဘူကုန်းနှင့် ရမ်းမကျန်းအနီးရှိ စစ်ကောင်စီအထိုင်စခန်းနှင့် တောကျွဲအင်းမြို့ရှိ ကပ်ကွင်းအထိုင်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကာကွယ်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
၎င်းက “တောကျွဲအင်းက စခန်းကို မနက် ၁၀ နာရီဝန်းကျင်နဲ့ ညနေ ၆ နာရီဝန်းကျင်မှာ ကျောက်တံခါးနားက စခန်းကို ဝင်တိုက်ခိုက်ခဲ့တာ” ဟု ပြောသည်။
အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့ပြီး သုံးဦးထိခိုက်ဒဏ်ရာရှိခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ များထံက သိရသော်လည်း ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်၍ သံလွင်ခက်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြု နိုင်ခြင်းမရှိပေ။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးပေ။
စစ်ကောင်စီတပ်၏ အထိုင်စခန်းများ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဘာဘူကုန်းနှင် တောင် ခင်ကျေးရွာဘက်များသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ဒေသခံတစ်ဦး ” သူတို့ အထိုင်စခန်းတွေ တိုက်ခိုက်ခံရပြီးတော့ ပိန်းဇလုပ် ၂၆၄ တပ်ကကော ဘာဘူကုန်း ရထားလမ်း လုံခြုံရေးက စစ်ကောင်စီတွေကကော ပစ်တာ ” ဟုဆိုသည်။
ထိုကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အတွက် ဘာဘူကုန်းနှင့် တောင်ခင်ကျေး ရွာက ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ပုံစာ – ပဲခူးတိုင်းအတွင်းက ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။ (ပုံ – အဟောင်း/ NUG ကာကွယ်ရေးဝန်ကြီးဌာန)
****
Telegram – > https://t.me/ThanLwinKhetNews/4780
YouTube -> https://youtu.be/64zTrEXeLCI
Website -> https://thanlwinkhet.net/?p=10491