ကလေးမြို့က လူငယ်အများအပြားကို စစ်ကောင်စီတပ် ဖမ်းဆီး
*********
သံလွင်ခက်။
ဇွန် ၁၀ ၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ကလေးမြို့က လူငယ် ၂၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟု ဒေသခံများထံက သိရသည်။
ယမန်နေ့ ဇွန်လ ၉ ရက်တွင် ကလေးမြို့ ၊ သဇင်ရပ်ကွက်၊ ဗိုလ်ချုပ်ပေါ်ရှိ မင်းကြီးဟိုတယ်တွင် ရေကစားနေသည့် လူငယ် ၂၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက သံလွင်ခက်သတင်းဌာနကိုပြောသည်။
၎င်းက ” ပျူစောထီးသုံးကောင်က ရေကူးနေတဲ့ မိန်းကလေးတွေကို မဖွယ်မရာလုပ်တော့ ဟိုတယ် တာဝန်ခံကို သွားတိုင်တာပေါ့။ တိုင်တော့ ပြန်ဖို့ ပြောတဲ့ချိန်မှာ ပျူတွေက ရဲတွေကိုခေါ်ပြီးတော့ ရဲတွေရောက်လာပြီး ဖမ်းသွားတာ။ ဖမ်းသွားတာကိုယ်ကိုယ်တိုင်မြင်လိုက်တယ် ကားက ကာမထားဘူး အမိုးမပါဘူး သံကိုင်းတွေပဲ ပါတယ်။ အဲ့ကားနဲ့ အပြည့်ပဲ။ မိန်းကလေးတွေကော ယောကျာ်းလေးတွေကော အတော်လေးများတယ် ဖမ်းခေါ်သွားတာ ” ဟုဆိုသည်။
အဆိုပါ လူငယ်များကို ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)ကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ယနေ့ မနက်ပိုင်း တချို့ပြန်လည်လွတ်မြောက်သူများရှိသည်ဟု ဒေသခံများထံက သိရသည်။
ဒေသခံတစ်ဦးက ” ဒီမနက်ကြတော့ တချို့ကို ပြန်လွတ်တယ် မိန်းကလေးတွေ ပြန်လွတ်တယ် ယောကျာ်လေးတွေကြ အသက်မပြည့်တဲ့ သူကိုလွတ်တယ် အသက်ပြည့်တဲ့ သူကြတော့ စစ်မှုထမ်းခေါ်ရင် စစ်မှုထမ်းခေါ်တာကို လိုက်ပါမယ်ဆိုပြီး ခံဝန်ထိုးပြီးမှ ပြန်လွတ်တယ် အားလုံးတော့ မလွတ်ဘူး” ဟုဆိုသည်။
ထိုကဲ့သို့ ပြန်လွတ်လာသူများရှိသော်လည်း လွတ်မြောက်သူဦးရေကို မသိရသေးပေ။
လက်ရှိ ကလေးမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးတင်းကြပ်ထားလျက်ရှိပြီး ရှောင်တခင် စစ်ဆေးမှုများကိုလည်း မကြာခဏပြုလုပ်လျက်ရှိသည်ဟု နောက်ထပ် ကလေးမြို့ခံ တစ်ဦးက ဆိုသည်။
၎င်းက ” လုံခြုံရေးကတော့ ကြပ်တယ်။ ရှောင်တခင်ပုံစံမျိုး တစ်ချိန်ထဲ နေရာသုံးနေရာလောက်ကို ဝင်စစ်တာ အဲ့လိုမျိုး။အခုနောက်ပိုင်းမှာ စစ်တာက စစ်ကောင်စီတပ်သားတွေ သိပ်မလုပ်တော့ဘူး ရဲတွေလုပ်တာ များတယ် ။ ရဲတွေလည်းအများကြီးရောက်လာတယ် ရဲတပ်ရင်း ၁၁ ဆိုလား ရောက်လာတာရှိတယ်။ အဓိကကတော့ ပိုက်ဆံတောင်းတာများတယ်”ဟုဆိုသည်။
ထို့အပြင် ဇွန်လ ၉ ရက် တရက်တည်းမှာပင် ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်မှ အမျိုးသားတစ်ဦးက စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံများထံက သိရသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၇ ရက်ထိ စစ်ကောင်စီတပ်၏ ဖမ်းဆီးခံရသူ စုစုပေါင်းမှာ ၅,၂၄၀ ဦးရှိပြီး ထိုအထဲမှ ၂၀,၅၇၈ ဦးသည် ထိန်းသိမ်းခံနေရဆဲဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ကောက်ယူထားသည့် စာရင်းများအရ သိရသည်။
ပုံစာ – စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ ပုံ \ အဟောင်း
****
Telegram – > https://thanlwinkhet.net/?p=10437
YouTube -> https://youtu.be/64zTrEXeLCI
Website -> https://thanlwinkhet.net/?p=10437