ရခိုင်ပြည်တွင် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ မဖြစ်အောင် ထိန်းသိမ်းနိုင်ခဲ့ဟု AA ဆို
************
သံလွင်ခက်။
ဇွန် ၈ ၊ ၂၀၂၄။
ရခိုင်ပြည်တွင် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ မဖြစ်အောင် ထိန်းသိမ်းနိုင်ခဲ့သည်ဟု အာရက္ခတပ်တော် AA ပြောခွင့်ရ ဦးခိုင်သုခက သံလွင်ခက်သတင်းဌာနကို ပြောကြားသည်။
ယနေ့တွင် AA က ပြုလုပ်သည့် နဝမအကြိမ်မြောက်သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ် နေသော လူမျိူးရေးပြဿနာအခြေအနေများနှင့် ပတ်သက်၍ သံလွင်ခက်သတင်းဌာန၏မေးမြန်းမှု အပေါ် AA ပြောခွင့်ရ ဦးခိုင်သုခက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
၎င်းက ” ဘူးသီးတောင်၊ မောင်တော ဖြစ်စဥ်မှာ လူမျိုးရေး ဘာသာရေးဖြစ်အောင် စစ်ကောင်စီက တောက်လျှောက် ကြိုးစားခဲ့ပေမဲ့ အဲဒီဖက်မှာ ကျွန်တော်တို့ ULA/ AA က နှစ်ဖက်စလုံးကို ထိန်းချုပ်နိုင်ခဲ့တဲ့အတွက် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေကို ရှောင်ရှားနိုင်ခဲ့တာဖြစ်ပါတယ် ” ဟု ဆိုသည်။
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်က လူမျိုးရေး အမုန်းတရားများအပေါ် အခြေခံပြီး ပြည်သူများကို သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများကို နေ့စဉ်ရက်ဆက် ကျူးလွန်လျက်ရှိသည်။
ယခုကဲ့သို့ စစ်ကောင်စီက ပြည်သူများကို အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုသည် ခေတ်သစ်သမိုင်းတွင် အဆိုးဆုံး ဖြစ်သည်ဟု ဦးခိုင်သုခက ဆိုသည်။
ပြီးခဲ့သည့် မေလ ၂၉ ရက်တွင် စစ်ကောင်စီ စစ်တွေအခြေစိုက် ဒကစမှ တပ်ဖွဲ့ဝင်များ၊ ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) မှ တပ်ဖွဲ့ဝင်များ၊ အခြားသော တပ်ရင်းအချို့မှ ထုတ်နုတ်အင်အားများ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ဝင်အချို့နှင့် စစ်ကောင်စီ သင်တန်းဆင်း မူဆလင်တပ်ဖွဲ့ဝင်များ အစရှိသော အင်အား (၁၇၀) ကျော် ပါဝင်သည့် စစ်ကြောင်းတစ်ကြောင်းသည် စစ်တွေမြို့၊ ဗျိုင်းဖြူရွာအား ဝိုင်းရံပိတ်ဆို့ ဖြတ်တောက်ပြီး ၎င်းရွာ အတွင်းရှိ ကလေး၊ လူကြီး၊ လူငယ်၊ လူရွယ်၊ အမျိုးသား၊ အမျိုးသမီးမကျန် တစ်ရွာလုံးရှိ ရွာသူ ရွာသားများအားလုံးကို ဖမ်းဆီးခဲ့သည်ဟု AA က ဇွန်လ ၂ ရက်တွင်ထုတ်ပြန်ခဲ့သည်။
ဖမ်းဆီးခံရပြီးနောက် ဇွန်လ ၄ ရက် နောက်ဆုံးရရှိထားသော သတင်းများအရ စစ်တွေ၊ ဗျိုင်းဖြူကျေးရွာဖြစ်စဉ်အတွင်း မတရားဖမ်းဆီးသတ်ဖြတ်ခံရသူ အရေအတွက် (၇၆) ဦးထိ ရှိလာခဲ့ပြီဖြစ်သည်ဟု AA က ထုတ်ပြန်ထားသည်။
ယင်းကိစ္စနဲ့ပတ်သက်၍ စစ်ကောင်စီနဲ့ ALP က ငြင်းဆိုထားကြသည်။
စစ်ကောင်စီတပ်သည် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းဖြစ်အောင် ရိုဟင်ဂျာ (မူဆလင်) တစ်ချို့နှင့် ရခိုင်အဖွဲ့အစည်းတချို့ကိုလည်း အသုံးပြုနေသည်ဟု AA ပြောခွင့်ရ ဦးခိုင်သုခက ဆက်ပြောသည်။
“စစ်ကောင်စီက ဘင်္ဂါလီမူဆလင် လက်နက်ကိုင် တချို့ကိုလည်းခေါ်ယူအသုံးပြုတာတွေ တွေ့ရတယ်။ တစ်ဖက်မှာ ရခိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ALP ကိုလည်း အသုံးပြုထားတာကို တွေ့ရပါတယ်။ ရခိုင်ဒေသထဲမှာပိုပြီး ရှုပ်ထွေးမူတွေ ဖြစ်လာအောင် လူမျိူးတစ်ခုနဲ့ တစ်ခုကြားမှာ ဘာသာရေး လူမျိုးရေးအဓိကရုဏ်းတွေ ဖြစ်လာအောင် ပုံဖော်ဖန်တီးနေတာတွေကို တွေ့ရတယ် ” ဟုဆိုသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်တွေမြို့နယ် ဗျိုင်းဖြူနှင့် မင်းဂံရှိ ဒေသခံများကို မောင်းထုတ်ပြီး စစ်တွေမြို့ တဖက်ကမ်း ဘောဒူဖရွာဘက်ရှိ မူဆလင်များကို ပြောင်းရွှေ့နေရာချထားရန် ပြင်ဆင်နေသည်ဟု ဒေသခံများထံက သိရသည်။
ပုံ- ရိုဟင်ဂျာ(မူဆလင်)များကို ကူညီနေသည့် AA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်
****
Telegram – > https://t.me/ThanLwinKhetNews/4756
YouTube -> https://youtu.be/64zTrEXeLCI
Website -> https://thanlwinkhet.net/?p=10368