စစ်ကောင်စီ ပစ်ခတ်မှုကြောင့် သံတွဲဒေသခံ ၁၀၀ နီးပါးသေဆုံးမှုရှိနိုင်၊ ၆၅ ဦးအား မြေမြုပ်ထားရ
************
ခင်သရဖီဦး
ဇွန် ၇၊ ၂၀၂၄။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် ဇွန်လ ၄ ရက်နှင့် ၅ ရက်များတွင် လေယာဉ်၊ ရေတပ် (နေဗီ) ပေါ်မှ လက်နက် ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဆင်ခေါင်းရွာက ဒေသခံ ၁၀၀ နီးပါးသေဆုံးမှုရှိနိုင်သည်ဟု ဒေသခံများထံက သိရသည်။
ဆင်ခေါင်းရွာရှိ ဒေသအခေါ်အဝေါ် စျေးတန်းပိုင်း၊ ဆလီခုံးစု၊ ရခိုင်စုနေရာများကို စစ်ကောင်စီက ရေတပ် (နေဗီ) နှစ်စီး၊ ကြည်းတပ်၊ Y12 လေယာဥ်နှစ်စီးတို့ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံများသေဆုံးခဲ့ခြင်းဖြစ်သည်ဟု အာရက္ခတပ် တော်- AA နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
၎င်းက “ထွက်ပြေးလွတ်မြောက်လာတဲ့သူတစ်ယောက် ပြောတာကတော့ သူမျက်မြင်တွေ့ခဲ့ရတာက ၆၀ ကျော် လောက် သေတယ်လို့ ပြောတယ်။ အတိအကျ ရဖို့ခက်နေတယ်။ ပျောက်နေတာက လူ ၂၀၀ လောက် ပျောက်နေပါ တယ်” ဟုဆိုသည်။
စစ်ကောင်စီတပ်၏ ရေတပ် (နေဗီ) အထိုင်ချ စခန်းနှင့် နီးသည့် ရခိုင်စုဖက်တွင် လူအများဆုံး သေဆုံးနိုင်ပြီး အလောင်း မကောက်နိုင်ဟု ဒေသခံများထံက သိရသည်။
သံတွဲဒေသခံတစ်ဦးက ” ၆၀ ကျော်ကဆလီခုံး၊ စျေးတန်းတို့ဖက်က ကောက်ပြီး မြုပ်ထားတာ။ ရခိုင်စုဖက်က အလောင်းတွေကို အခုချိန်ထိ မကောက်နိုင်သေးဘူး။ ရခိုင်စုက ပင်လယ်ဖက်ကျတယ်။ နေဗီနဲ့နီးတယ်။ နေဗီကလည်း ပစ်နေတယ်” ဟု ဆိုသည်။
တခြားအနီးအနားရှိ ကျေးရွာများမှ ဒေသခံများက လက်ရှိတွင် သေဆုံးသူများကို မြုပ်နှံပေးထားခြင်းဖြစ်သည်။
ဆင်ခေါင်းကျေးရွာသည် အရှေ့ဖက်တွင် ဘင်္ဂလားပင်လယ်ပြင်နှင့် အနောက်ဖက်၌ တောင်တန်းများရှိနေသည်။ ယင်း တောင်တန်းတွင် AA နှင့် စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်သည်ဟု ဒေသခံများထံက သိရသည်။
သံတွဲမြို့နယ်တွင် လက်ရှိအချိန်ထိ သံတွဲ – ငပလီလေယာဥ်ကွင်းအနီး၌ AA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်း ထန်းလျက်ရှိသည်။
ဒေသခံတစ်ဦးက ” စစ်တပ်က လေယာဥ်ကွင်းနားမှာ အမြှောက်တပ် ချထားတယ်။ အဲဒါကို AA က တိုက်နေတာ။ တိုက်ပွဲကတော့ ပြင်ထန်းတာပေါ့ ” ဟု ဆိုသည်။
AA နှင့် စစ်ကောင်စီတပ်တို့သည် ဇွန်လ ၂ ရက်မှစ၍ သံတွဲမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။ ထို့အပြင် သံတွဲမှ စစ်ကောင်စီတပ်စခန်းအချို့အား AA က သိမ်းပိုက်ထားနိုင်သည်ဟု AA နှင့် နီးစပ်သူများထံက သိရသည်။