ရခိုင်လူငယ် ၆ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
************
ခင်သရဖီဦး
ဇွန် ၇ ၊ ၂၀၂၄။
ရခိုင်ပြည်၊ စစ်တွေမြို့နယ် အောင်တိုင်ရွာနှင့် ကျက်တောပြင်ကျေးရွာက လူငယ် ၆ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟု ဒေသခံများထံက သိရသည်။
ဇွန်လ ၄ ရက် ည ၉ နာရီခန့်တွင် အဆိုပါ လူငယ် ၆ ဦးကို အောင်တိုင်ကျေးရွာအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူများတွင် အောင်တိုင်ကျေးရွာမှ အသက် ၂၁ နှစ်၊ ၂၃ နှစ်၊ ၂၄ နှစ်၊ ၃၇ နှစ်အရွယ် အမျိုးသားများနှင့် ကျက်တောပြင်ကျေးရွာက အသက် ၂၅ နှစ်အရွယ် အမျိုးသားများ ပါဝင်သည်။
၎င်းတို့ ၆ ဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၄၀ ခန့်ပါသည့် စစ်ကြောင်းက ညအချိန် ဝင်ရောက်လာပြီး ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု စစ်တွေဒေသခံတစ်ဦးက ဆိုသည်။
၎င်းက “အောင်တိုင်ရွာနားမှာ တပ်စွဲထားတဲ့ စစ်ကြောင်းက ဖမ်းသွားတာ။ ည ၉ နာရီနဲ့ ၁၀ နာရီက ရွာထဲ ဝင်ပြီး ဖမ်းသွားတာ။ မျက်မြင်အင်အားက ၄၀ ကျော်လောက်ပါတယ်။ အိမ်ကနေပြီး အတင်းအဓမ္မ ဖမ်းသွားတာပါ” ဟု ပြောသည်။
လက်ရှိတွင် ဖမ်းဆီးခံထားရသူများနှင့် အဆက်အသွယ် မရသေးဟု ဒေသခံများထံက သိရသည်။
စစ်တွေဒေသခံ တစ်ဦးက “ကျေးရွာတွေမှာက လူတွေ ရှိသေးတယ်။ စားဝတ်နေရေး အဆင်မပြေကြတဲ့ လူတွေ များတယ်။ အခုက တချို့လူတွေက ပိတ်မိနေတယ်” ဟု ဆိုသည်။
စစ်ကောင်စီတပ်အနေဖြင့် စစ်တွေမြို့နယ်တွင် ပြီးခဲ့သည့် မေလ ဒုတိယ ပတ်မှ စတင်ကာ မြို့ထဲရပ်ကွက်တချို့နှင့် ဘုန်းတော်ကြီးကျောင်းများမှ လူ ၂၀၀ ခန့်အား ဖမ်းဆီးထားသည်ဟု ဒေသခံများထံက သိရသည်။
ထို့အပြင် မေလ ၂၉၊ ၃၀၊ ၃၁ ရက်များတွင်လည်း ဗျိုင်းဖြူကျေးရွာမှ လူ ၇၆ ယောက်အား စစ်ကောင်စီ၏ စစ်တွေအခြေစိုက် ဒကစ တပ်ဖွဲ့ဝင်များ၊ ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) မှ တပ်ဖွဲ့ဝင်များ၊ တပ်ရင်းတချို့မှ တပ်ဖွဲ့ဝင်များနှင့် ALP တပ်အပါအဝင် စုစုပေါင်း အင်အား ၁၇၀ က ပစ်ခတ်ခဲ့ခ၍ သေဆုံးမှုများ ရှိခဲ့သည်ဟု သိရသည်။
****
Telegram – > https://t.me/ThanLwinKhetNews/4749
YouTube -> https://youtu.be/KwSXeUzdSnI?si=IYEm8j7oervYx5q0
Website -> https://thanlwinkhet.net/?p=10426