စစ်ကောင်စီလက်ချက်ကြောင့် တစ်လကျော်အတွင်း နိုင်ငံတဝန်းက ကလေးငယ် ၂၄ ဦး သေဆုံးခဲ့ရ
**************
သံလွင်ခက်။
ဇွန် ၇ ၊ ၂၀၂၄။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် တစ်လကျော်အတွင်း နိုင်ငံတဝန်းက ကလေးငယ် ၂၄ ဦး သေဆုံးခဲ့ရ သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း- AAPP က ယမန်နေ့တွင် ထုတ်ပြန်သည်။
မေလ ၁ ရက်မှ ဇွန်လ ၆ ရက်အထိ နိုင်ငံတဝန်းတွင် စစ်အုပ်စုကြောင့် အသက် ၅ နှစ် အရွယ် ယောကျ်ားလေး တစ်ဦး အပါအဝင် အသက် ၁၈ နှစ်အောက် သေဆုံးသူ မိန်းကလေး (၅) ဦးနှင့် ယောကျ်ားလေး (၁၉) ဦး စုစုပေါင်း (၂၄) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့သည်ဟု AAPP က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ (၂၄) ဦးအနက် (၉) ဦးသည် လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ရခြင်းဖြစ်ပြီး၊ ရခိုင်ပြည်နယ် နှင့် တနင်္သာရီတိုင်း(၅) ဦးစီဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဇွန်လ ၁ ရက်၊ နံနက် ၁၀ နာရီကျော်အချိန်တွင် စစ်ကောင်စီတပ်က ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ကျေး ရွာရှိ ချောင်းဝရပ်ကွက်နှင့် အနောက်စုရပ်ကွက်အတွင်းသို့ Y-12 လေယာဉ်ဖြင့် ဗုံးခြောက်လုံးကြဲချခဲ့ရာ ပျားလည် ချောင်းကျေးရွာမှ စစ်ဘေးရှောင်လာသော မခိုင်မိုးအေးနှင့် ယိုးတရုပ်ကျေးရွာမှ အသက် ၁၀ နှစ်အရွယ် မောင်ကျော် လွင် (ခ) ဒေါင်းဒေါင်းတို့ ဗုံးစထိမှန်၍ သေဆုံးခဲ့ကြသည်ဟု AAPP ၏ ထုတ်ပြန်ချက်အရသိရသည်။
၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီ ၁ ရက်မှစ၍ ၂၀၂၄ ခုနှစ် ၊ ဇွန်လ ၆ ရက်နေ့ထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများကြောင့် သေဆုံးခဲ့ရသည့် ပြည်သူစုစုပေါင်းမှာ (၅၂၃၆) ဦး ရှိခဲ့ပြီဖြစ်သည်ဟု AAPP က ထုတ်ပြန်ထားသည်။
ပုံစာ- ဇွန်လ ၄ ရက်တွင် လေကြောင်းအတိုက်ခံရသည့် ကံမြင့်ကုန်းဘုန်းကြီးကျောင်းမြင်ကွင်း။ ဓာတ်ပုံ – ပေးပို့
****
Telegram – > https://t.me/ThanLwinKhetNews/4748
YouTube -> https://youtu.be/KwSXeUzdSnI?si=IYEm8j7oervYx5q0
Website -> https://thanlwinkhet.net/?p=10415