မွန်ပြည်နယ်မှာ မိုးစပါးစိုက်ပျိုးချိန် အလုပ်သမားရှားပါးမှု ကြုံနေရ
******************
သဇင်
ဇွန် ၇၊၂၀၂၄။
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ယခုနှစ် မိုးစပါးစိုက်ပျိုးချိန် အလုပ်သမားရှားပါးမှုနဲ့ကြုံတွေ့နေသည်ဟု စပါးစိုက် တောင်သူများထံက သိရသည်။
ယခုနှစ်ဆန်းပိုင်းတွင် စစ်ကောင်စီက ပြဌာန်းခဲ့သည့် စစ်မှုထမ်းဥပဒေရိုက်ခတ်မှုကြောင့် အရွယ်ရောက်ပြီးသူများ ပြည်ပထွက်ခွါမှု များပြားလာပြီး အလုပ်သမားရှားပါးလာရခြင်းဖြစ်သည်ဟု လယ်သမားတစ်ဦးက ပြောသည်။
၎င်းက “လုပ်သားရှားတာက အရွယ်ရောက်တဲ့လူတွေအားလုံးစစ်ထဲဝင်ရမယ်ဆိုတော့ အကုန်နိုင်ငံခြားထွက်ကုန်ပြီ။ အလုပ်လုပ်နိုင်တဲ့သူတွေက အရွယ်ရောက်တဲ့သူတွေပဲရှိတာကို သူတို့မှမရှိဘူးဆိုရင်တော့ ဘာလုပ်တော့မှာလဲ။ လုပ်သားကအကြီးအကျယ်ကိုရှားနေတာ၊ မရှိသလောက်ကို ဖြစ်နေတာ”ဟု ဆိုသည်။
ယမန်နှစ်တွင် အလုပ်သမားတစ်ဦးလျှင် ကျပ် ၁၀,၀၀၀ ဝန်းကျင်ဖြင့် ငှါးရမ်းခဲ့ရသော်လည်း ယခုနှစ်တွင် ကျပ် ၁၅,၀၀၀ ဝန်းကျင်ဖြင့် ခေါ်ယူသည့်တိုင် လုပ်ကိုင်မည့်သူမရှိခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။
ထို့အပြင် ရေကြီးနှစ်မြှပ်ဒဏ်ကို ကာကွယ်နိုင်ရန်အတွက် ပျိုးခင်းများအစား ကျဲခင်းကိုသာ အဓိကအားထားနေရသည်ဟု တောင်သူများထံက သိရသည်။
တောင်သူတစ်ဦးက “ဒီဘက်ခြမ်းက စိုက်ခင်းတွေရေနစ်မြှုပ်တာများတော့ ကျဲခင်းတွေပဲလုပ်တာများတယ်။ ဧက ၁၀၀ မှာဆို ၃၅ ဧကပဲ ပျိုးစိုက်တာ။ ကျန်တာက ကြဲခင်းတွေပေါ့၊။ လုပ်သားလည်းမရှိတော့ ကျဲခင်းပဲစိုက်တာများတယ်” ဟု ဆိုသည်။
အလုပ်သမားရှားပါးခြင်းကြောင့် စက်အင်အားဖြင့် အစားထိုးစိုက်ပျိုးရာတွင်လည်း ကုန်ကျစရိတ်များသည့်အတွက် စပါးစိုက်တောင်သူများ အခက်တွေ့နေသည်ဟု စပါးစိုက်တောင်သူများက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် ဘီးလင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင်း စပါးဧကရာချီရေနစ်မြှုပ်ခဲ့ရာ စပါး အထွက်နှုန်း ၅၀ ရာခိုင်နှုန်းခန့် လျော့ကျခဲ့သည်ဟု ကမ်းရိုးတန်းဒေသတောင်သူလယ်သမားဖွံ့ဖြိုးရေးအဖွဲ့ထံကသိရသည်။
ပုံစာ- မွန်ပြည်နယ် ဘီးလင်းမြို့နယ် စပါးစိုက်ပျိုး တောင်သူများ။ ဓာတ်ပုံ- CAFDA