စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုး မီးရှို့ခံထားရသည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်းရှိ ကျေးရွာ ၂၀ ကျော်မှ ဒေသခံ သုံးသောင်းကျော်သည် လက်ရှိတွင် စားသောက်ရေးအတွက် အခက်ခဲ ဖြစ်ပေါ်နေသည်ဟု ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်မှ ၃၁ ရက်အထိ ကန့်ဘလူမြို့နယ် ၆၀၀၆ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများက ကန့်ဘလူမြို့နယ် တောင်ခြမ်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက် မီးရှို့ ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည်။
ဒေသခံတစ်ဦးက “ကျွန်တော်တို့က ၁၂ ရက်လောက် တောထဲမှာနေရသေးတယ်။ ၂၂ ရက်ကတည်းက ရွာထဲက သူတွေက အကုန်ထွက်ကြတာ။ မထွက်တဲ့ အိမ်တွေက သူတွေ ရိုက်နှက်ခံရတာ ရှိတယ်။ ဖမ်းခေါ်သွားတာ ရှိတယ်။ မီးမရှို့ခံရတဲ့ အိမ်တွေကတော့ ပြန်ဝင်နေကြပြီ မီးရှို့ခံရတဲ့ အိမ်က သူတွေကတော့ လောလောဆယ် နေစရာမရှိတော့ တောထဲမှာပဲ ရှိသေးတယ်” ဟုဆိုသည်။
စစ်ကြောင်းထိုး ဝင်ရောက်ရာတွင် ကျေးရွာအတွင်းရှိ ဆန်၊ အခြေခံစားနပ်ရိက္ခာများအပြင် အသုံးအဆောင်ပစ္စည်းများနှင့် ယက်ကန်းစင်များကို ကားဖြင့် တင်ဆောင်ယူပြီးမှသာလျှင် နေအိမ်များကို မီးရှို့ခဲ့သည်။
ကျေးရွာများမှ စစ်ကြောင်းများ ထွက်ခွာသွားသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက အခြေခံ စားနပ်ရိက္ခာများကို ယူဆောင်သွားသည့်အတွက် ဒေသခံများ စားသောက်ရေး အခက်ခဲဖြစ်ပေါ်နေခြင်း ဖြစ်သည်။ နီးစပ်ရာ ကျေးရွာ၊ မြို့များသို့ စားသောက်ကုန်များ သွားရောက်ဝယ်ယူချင်သော်လည်း လမ်းခရီးတစ်လျှောက်၌ စစ်ကောင်စီဂိတ်များ ရှိနေသည့်အတွက် မသွားလာရဲဖြစ်နေသည်ဟု ဒေသခံအမျိုးသားတစ်ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။
၎င်းက “နီးစပ်ရွာတွေကိုလည်း သွားပြီး စားစရာ မဝယ်ရဲကြဘူး။ ဂိတ်တွေမှာ မှတ်ပုံတင်ပါမှ ဝင်လို့ရတာတော့ နောက်တစ်ခုရှိတာက ဒီဘက်ကဆိုရင် ဖမ်းခံရမှာ ကြောက်တာနဲ့ စျေးဝယ်ဖို့ မသွားရဲ မလာရဲကြဘူး။ အဲဒါမို့ စားဝတ်နေရေးက အတော် ခက်ခဲနေတာ” ဟုဆိုသည်။
ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်းရှိ ကျေးရွာများသည် လယ်လုပ်ငန်းကို အဓိက လုပ်ကိုင်ခြင်းမရှိဘဲ ကုန်းသီးနှံဟု ခေါ်ဆိုသည့် ယာလုပ်ငန်းကိုသာ အားထားလုပ်ကိုင်သည်ဟု ဒေသခံများက ပြောသည်။
ဒေသခံအမျိုးသမီးတစ်ဦးက “အခုက သီးနှံ ပေါ်တာလေးတွေ ရှိတော့ ရှိတာနဲ့ စားသောက်နေရတာ။ ဒီမှာက လယ် အဲဒီလောက် အားမထားကြဘူး။ ယာကိုပဲ လုပ်ကြတော့ ဆန်စပါး အခက်အခဲရှိတယ်။ တောထဲမှာ ရှိတဲ့ဟာနဲ့ပဲ ချက်ပြုတ် စားသောက်နေတဲ့အနေအထားပေါ့” ဟုဆိုသည်။
ကန့်ဘလူမြို့နယ် တောင်ခြမ်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး မီးရှိုခဲ့ခြင်းကြောင့် ကန့်ဘလူတောင်ခြမ်း ဉာဏ်အင်းရွာမှ နေအိမ် ၉ လုံး၊ ရွာမ (ရွာသစ်) ရွာမှ နေအိမ် ၉ လုံး၊ အင်းလယ်ကြီးရွာမှ နေအိမ် ၂၅၆ လုံးနှင့် မဲသည်ရွာမှ နေအိမ် ၁၇ လုံး၊ စုစုပေါင်း ၂၉၁ လုံး မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ထို့ပြင် စစ်ကောင်စီ စစ်ကြောင်းထိုးစဉ်၌ ရွာမရွာမှ အမျိုးသား သုံးဦး၊ အင်းလယ်ကြီးရွာမှ အမျိုးသား တစ်ဦး၊ အင်္ဂါထောင့်ရွာမှ အမျိုးသား တစ်ဦး၊ ကျွန်းပင်ကုန်းရွာမှ ဦးဇင်း နှစ်ပါး၊ အမျိုးသား နှစ်ဦးနှင့် မဲသည်ရွာမှ အမျိုးသား နှစ်ဦး စုစုပေါင်း ဦးဇင်း နှစ်ပါးနှင့် လူ ကိုးယောက် ပျောက်ဆုံးနေသည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်တွင် မဲသည်ရွာမှ ပျောက်ဆုံးနေသည့် ရွာသားဟု ယူဆရသည့် အလောင်း တစ်လောင်းကို ရှာတွေ့ခဲ့သည့် ကျေးရွာအတွင်း ရှင်းလင်းရေးလုပ်ငန်းများ၌ လိုက်ပါခဲ့သူ တစ်ဦးက သံလွင်ခက် သတင်းဌာနကို ယခုကဲ့သို့ ပြောသည်။
“ကျွန်တော်တို့ မဲသည်ရွာကို ဝင်တော့ အိမ်ထဲမှာ မြုပ်ထားတဲ့ အမျိူးသားအလောင်း တစ်လောင်းကို တွေ့တယ်။ မီးရှို့ထားတယ်။ တော်တော် နှိပ်စက်ထားပုံရတယ်။ သွေးတွေကို ထုံးတွေနဲ့ ပတ်ထားကြတယ်။ မလောင်နိုင်တဲ့ အပိုင်းတွေကို ကြွင်းတူးပြီးတော့မှ နှစ်ပိုင်း ဖြတ်ပြီးတော့မှ ကြွင်းထဲဖို့ ထားခဲ့တာ” တောင်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက် မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် လက်ရှိတွင် ကန့်ဘလူမြို့နယ် ဂါဒါးကျေးရွာဘက်၌ ရောက်ရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။
ပုံစာ – ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်းကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးပြီးနောက် မြင်တွေ့ရသည့် မြင်ကွင်း
(Photo – ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့)