တနင်္သာရီတိုင်းဒေသကြီး၊ သိန်ခွန်းကျေးရွာအုပ်စုရှိ ထုံခါအကျဥ်းထောင်စခန်းမှ အကျဥ်းသား လေးဦး ထွက်ပြေးလွတ်မြောက်ပြီး နောက် ပြန်လည် ပစ်ခတ်ဖမ်းဆီးခံလိုက်ရသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။
အောက်တိုဘာလ ၃၁ ရက် နံနက် ၁၀ နာရီအချိန်ခန့်တွင် ထောင်အာဏာပိုင်များက ပြန်လည် ပစ်ခတ်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
”မနက်ပိုင်းက သေနတ်သံတွေလည်း ကြားတယ်။ ခဏကြာတော့ အကျဥ်းသားတွေ ထွက်ပြေးလာတာလို့ သိရတယ်။ နောက်ကနေ အကျဉ်းထောင်က ဝန်ထမ်းတွေက လက်နက်အပြည့်နဲ့ လိုက်လာတာ” ဟု အဆိုပါ ဒေသခံက ပြောသည်။
ပစ်ခတ်ဖမ်းဆီးခံရမှုကြောင့် အကျဉ်းသား နှစ်ဦး သေဆုံးပြီး နှစ်ဦး ပြန်လည် ဖမ်းဆီးခံလိုက်ရသည်ဟု မျက်မြင်တွေ့ရှိသူ တစ်ဦး က ပြောသည်။
ပစ်ခတ်ဖမ်းဆီးခံလိုက်ရသူများသည် နိုင်ငံရေးအကျဉ်းသားများဟုတ်၊ မဟုတ်နှင့် အသေးစိတ်အချက်အလက်များကို စိစစ်အတည်ပြုနေသည်ဟု ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
၂၀၂၂ ခုနှစ် မေလ ၈ ရက်ကလည်း ထုံခါအကျဉ်းစခန်းကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာ နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ဖူးသည်။