ယင်းမာပင်ခရိုင်တပ်ရင်းထံ ရဲတပ်သား ၁ ဦးအလင်းဝင်
******
သဇင်
မေ ၂၉၊၂၀၂၄။
စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ် မြို့မရဲစခန်းက ရဲတပ်သား ၁ ဦး ယင်းမာပင်ခရိုင် အမှတ် (၁၆)တပ်ရင်း၊တပ်ခွဲ (၄) Salingyi Revolution Eagles တပ်ဖွဲ့ထံ အလင်းဝင်လာသည်ဟု ယင်းမာပင်ခရိုင် အမှတ်(၁၆)တပ်ရင်းက သတင်းထုတ်ပြန်ထားသည်။
ရဲတပ်သား မောင်ထူးကောင်းဆက်သည် ပြီးခဲ့သည့် မေလ ၂၆ ရက် မနက်အစောပိုင်း ၂ နာရီခွဲခန့်တွင် G3 တစ်လက်၊ 7.62 ကျည် ၁၅ တောင့်၊ ကျည်ဘောက်တစ်ဘောက်၊ ဓားတစ်ချောင်းနှင့်အတူ အလင်းဝင်လာခဲ့သည်ဟု ယင်းမာပင်ခရိုင် အမှတ်(၁၆)တပ်ရင်း ပြန်ကြားရေးတာဝန်ခံက သံလွင်ခက်ကိုပြောသည်။
“အထဲမှာနေရတာ လုံးဝအဆင်မပြေတော့ဘူးလို့ပြောပါတယ်။ လက်ရှိတော့ တပ်ရင်းမှာ ကျွန်တော်တို့နဲ့အတူ တော်လှန်ရေးကိုပါဝင်ပြီးပြန်တိုက်မယ်လို့ပြောပါတယ်”ဟု ဆိုသည်။
အာဏာသိမ်းကာလအတွင်း ယင်းမာပင်ခရိုင် အမှတ်(၁၆) တပ်ရင်း၊ တပ်ခွဲ (၄) Salingyi Revolution Eagles တပ်ဖွဲ့ထံ CDM ဝင်ရောက်လာသူ ရဲတပ်သား မောင်ထူးကောင်းဆက်အပါအဝင် (၄)ဦးအထိ ရှိသည်ဟု သိရသည်။
စစ်အာဏာသိမ်းချိန်ကစပြီး လက်ရှိအချိန်ထိ CDM ဝင်ရောက်လာသူ ရဲနှင့်စစ်သား ၁၄,၀၀၀ ခန့်ရှိနေပြီး ထိုအထဲတွင် အမြင့်ဆုံးရာထူး ဒုတိယဗိုလ်မှူးကြီးအထိ ပါဝင်ခဲ့သည်ဟု ပြည်သူ့ရင်ခွင် အဖွဲ့ထံက သိရသည်။
ပုံစာ – CDM ဝင်လာသည့် ရဲတပ်သား မောင်ထူးကောင်းဆက်နှင့် ပါဝင်ပစ္စည်းများ။