မီးဘေးသင့် ကော့ကရိတ်မြို့ရှိနေအိမ်များတည်ဆောက်ရန် ကိုယ်ထူကိုယ်ထအဖွဲ့များ ဆောင်ရွက်နေ
****
နန်းဆုပန်ခန့်
မေ ၂၈၊ ၂၀၂၄။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ်မြို့ပေါ်ရှိ မီးလောင်သွားသည့်ဒေသခံများ၏ နေအိမ် ပြန်လည်တည်ဆောက်ရန်အတွက် တစ်ပိုင်တစ်နိုင်ကူညီရန် ဒေသတွင်းကိုယ်ထူကိုယ်အဖွဲ့များ ဆောင်ရွက် နေသည်ဟု ကူညီသူများထံကသိရသည်။
ကိုယ်ထူကိုယ်ထအဖွဲ့သည် မီးလောင်သွားသည့်ဒေသခံပြည်သူများ၏နေအိမ်မျာ ပြန်လည်တည်ဆောက်ရန် အတွက် လိုအပ်သည့် ဖက်နှင့်ဝါးများကို အိမ်ထောင်စုအလိုက် မျှဝေပေးခြင်းဖြစ်သည်ဟု ကိုယ်ထူကိုယ်ထ အဖွဲ့ဝင် ကူညီသူ ၁ ဦးက သံလွင်ခက်ကိုပြောသည်။
၎င်းက “တကယ်ကို အဆင်မပြေဘူး။ တကယ်ကိုမရှိဘူးဆိုတဲ့ လူတွေလောက်ပဲ ကျွန်တော်တို့နိုင်တဲ့ဘက် ကနေပြီးတော့ ကျွန်တော်တို့လုပ်ပေးတာပဲရှိတယ်။ တစ်အိမ်ထောင်ကို ဖက် ၁၀၀၊ ၂၀၀ ဆို ၁၀၀၊ ၂၀၀ ပေါ့။ ဝါးက ၃၀၊ ၄၀ ပေါ့” ဟုဆိုသည်။
ကော့ကရိတ်မြို့ကို ပူးပေါင်းတပ်များစတင်ထိုးစစ်ဆင်ခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်ကစတင်၍ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ဒေသခံများ နီးစပ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးမှုများဖြင့်ပစ်ခတ်မှုများကြောင့် ဒေသခံများ၏နေအိမ်များ မီးလောင်ခဲ့ပြီး မြို့ပေါ် ရပ်ကွက် ၇ ရပ်ကွက်ရှိ နေအိမ် ၃ ပုံ ၂ ပုံခန့် မီးလောင်သွားပြီဖြစ်သည်ဟု ဒေသခံများကဆိုသည်။
ကော့ကရိတ်မြို့ရှိ မီးလောင်နေအိမ်များပြန်လည်တည်ဆောက်နိုင်ရေးအတွက် အလှူခံခြင်းနှင့် အခြားအဖွဲ့ အစည်းများထံ ချိတ်ဆက်အကူအညီတောင်းခံခြင်းများမရှိဘဲ အသိအများစုကကူညီခြင်းဖြစ်သည်ဟု ကိုယ် ထူကိုယ်ထအဖွဲ့ဝင် ကူညီသူ ၁ ဦးကဆိုသည်။
၎င်းက “ အလှူရှင်တွေရှိရင်တော့ ကောင်းတော့ကောင်းတာပေါ့။ ဒါပေမယ့် ကျွန်တော်တို့အဖွဲ့ကျတော့ လည်း အလှူမခံဘူးလေ။ ဘယ်အဖွဲ့အစည်း (လက်နက်ကိုင်) နဲ့မှလည်း မချိတ်ဘူး။ မပတ်သက်ဘူး။ ကျွန် တော်တို့အသိစိတ်နဲ့လုပ်တဲ့ အဖွဲ့ပဲ။ ကျွန်တော်တို့အသိတွေနဲ့ ချိတ်ပြီးတော့လုပ်နေတယ်။ ကျွန်တော်တို့ တွေက နဂိုကတည်းကိုက ဘယ်သူ့အကူအညီမှမယူဘူးလေ” ဟုဆိုသည်။
အဆိုပါ ကိုယ်ထူကိုယ်ထအဖွဲ့သည် ကော့ကရိတ်မြို့တိုက်ပွဲ စတင်ဖြစ်ပွားချိန်ကစ၍ ပိတ်မိနေသည့်ဒေသခံ များအား ကယ်ထုတ်ပေးခြင်း၊ ပစ္စည်းပြန်ယူလိုသည့်ဒေသခံများအား ကူညီပြန်ယူပေးခြင်းများ လုပ်ဆောင် နေသည်ဟု ကော့ကရိတ်မြို့ပေါ်ဒေသခံများက ဆိုသည်။
ပြီးခဲ့သည့်ဧပြီလကုန်ပိုင်းတွင် စစ်ကောင်စီသည် ကော့ကရိတ်ဒေသခံများကို နေရပ်ပြန်လည်နေထိုင်ရန် ခေါ်ဆိုမှုများရှိခဲ့သည်။
သို့သော် ယခုလက်ရှိအချိန်ထိ နေအိမ်ရှိသေးသည့် ဒေသခံအချို့သာပြန်လည်နေထိုင်ပြီး နေအိမ်မရှိသည့် ဒေသခံများကတော့ နီးစပ်ရာအသိမိတ်ဆွေ၊ ဆွေမျိုးများထံ နေထိုင်ခိုလှုံနေကြသည်ဟု ကော့ကရိတ်မြို့တွင်း သွားလာနေသူ ၁ ဦးက ဆိုသည်။
၎င်းက “ အများကြီးတော့မဟုတ်ဘူး။ အိမ်ရှိတဲ့လူတွေက ပြန်နေကြတာပဲလေ။ အိမ်မရှိတဲ့လူတွေကျတော့ မပြန်ကြဘူးပေါ့။ ကျွန်တော်တို့တွေလည်း အိမ်မရှိတော့ ကျွန်တော်တို့လည်း မပြန်ဘူးပေါ့။ အနီးအနား နေရာစုံမှာနေတယ်။ အနီးအနားရွာတွေ သာမညတို့၊ ဘားအံတို့ ဒီလိုပဲ ကိုယ့်နီးစပ်ရာနီးစပ်ရာ ဆွေမျိုးတွေ အိမ် နေကြတာပေါ့။ တတ်နိုင်တဲ့လူတွေကျတော့လည်း အိမ်ငှားနေကြတယ်။ ဒါတွေပဲပေါ့” ဟု ဆိုသည်။
၂၀၁၄ သန်းခေါင်စာရင်းအရ ကော့ကရိတ်မြို့ကို ရပ်ကွက် ၇ ခုနှင့် ဖွဲ့စည်းထားပြီး လူနေအိမ် ၆,၁၃၀ လုံးရှိကာ အိမ်ထောင်စု ၆,၂၃၄ စု၊ လူဦးရေ ၃၇,၉၄၁ ဦးရှိသည်။
ဓာတ်ပုံ – အိတ်စိုက်လူမိုက်။
ပုံစာ – နေအိမ်မီးလောင်သည့် ကော့ကရိတ်မြို့ဒေသခံတချို့အား ဖက်နှင့်ဝါးများပေးအပ်ခြင်း။