မိုးသည်းထန်မှုကြောင့် တီးတိန်မြို့ စစ်ရှောင်များ အခက်ကြုံနေ
******
သံလွင်ခက်
မေ ၂၈၊၂၀၂၄။
တီးတိန်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လက် ရှိအချိန်တွင် တိုက်ပွဲများငြိမ်သက်နေသော်လည်း နီးစပ်ရာဒေသများတွင် စစ်ဘေးရှောင်နေရသည့် စစ်ဘေးရှောင်ပြည်သူများ အခက်အခဲများစွာရင်ဆိုင်နေရသည်ဟု တီးတိန်မြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဦးထံက သိရသည်။
တီးတိန်မြို့ရှိ စစ်ကောင်စီတပ် ခမရ- ၂၆၉ တပ်ဖွဲ့ဝင် များတပ်စွဲထားသည့် လျှပ်စစ်ရုံးနှင့် မိုက်ကရိုဝေ့စခန်းကို ချင်းညီနောင်တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီက လေယာဥ်ဖြင့်ဗုံးကြဲခြင်း၊ မြို့တွင်းရှိ လူနေအိမ်များအား မီးရှို့ခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် မြို့ပေါ်နေပြည်သူများ ဘေးလွတ်ရာရှောင်တိမ်းခဲ့ရသည် ဟု တီးတိန်မြို့နယ် ပြည်သူအုပ်ချုပ်ရေး အဖွဲ့ဝင် ၁ ဦးကပြောသည်။
၎င်းက “မြို့ထဲက ပြည်သူတွေက အိန္ဒိယဘက်ကို စစ်ဘေးရှောင်တာတွေ ရှိတယ်။ နီးစပ်ရာရွာတွေကို စစ်ဘေးရှောင်တာတွေ ရှိတယ်။ မိုးတွေရွာနေတဲ့အတွက် ကျောင်းတွေမှာနေရတယ်။ နေစရာအခက်အခဲ၊ စားစရာအခက် အခဲတွေ ကြုံနေရတယ်” ဟုပြောသည်။
၎င်းတို့စခန်းနှစ်ခုတိုက်ခိုက်ခံခဲ့ရပြီးနောက် စစ်ကောင်စီက လေယာဉ်ဖြင့် တီးတိန်မြို့တွင်းသို့ ၁၂ ကြိမ် ဗုံးကြဲခဲ့ပြီး ကိုယ်ဝန်ဆောင် ၁ ဦး သေဆုံးခဲ့ရကာ အိန္ဒိယဘက်သို့ ထွက်ပြေးတိမ်းရှောင်သည့် စစ်ရှောင်ကား ၁ စီးတိမ်းမှောက်မှုကြောင့် ကားပေါ်ပါလူအများအပြား ဒဏ်ရာရခဲ့သည်ဟု အဆိုပါ တီးတိန်မြို့နယ် ပြည်သူအုပ်ချုပ်ရေး အဖွဲ့ဝင် ၁ ဦး ကပြောသည်။
တီးတိန်မြို့တိုက်ပွဲကို PDF ဇိုလဲန်းအပါအဝင် ချင်းညီ နောင် – Chin Brotherhood အဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၉ ယောက်ကို အရှင်ဖမ်းမိခဲ့သည်ဟု တီးတိန်မြို့တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သည့် PDF ဇိုလဲန်းအဖွဲ့၏ ပြန်ကြားရေးမှူး
က သံလွင်ခက်ကိုပြောသည်။
တိုက်ပွဲတွင်အထိနာခဲ့ခြင်းကြောင့် စစ်ကောင်စီဘက်က မြို့ကို မီးရှို့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
“သူတို့ဘက်က အရမ်းအထိနာတယ်။ ကျွန်တော်တို့က အရှင် ၉ ယောက်ဖမ်းမိတာလည်းပါတော့ သူတို့က ပြည်သူတွေကြောက်အောင် မြို့ကို မီးရှို့တာ”ဟု PDF ဇိုလဲန်းအဖွဲ့၏ ပြန်ကြားရေးမှူးက ပြောသည်။
ချင်းညီနောင်အဖွဲ့တွင် ဇိုမီးဖယ်ဒရယ်အစည်းအရုံး – ZFU၊ ချင်းအမျိုးသားများအဖွဲ့ချုပ်၊ ချင်းအမျိုးသား ကောင်စီ(မင်းတပ်)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်)၊ချင်းလဲန်း ကာကွယ်ရေးတပ်ဖွဲ့ (မတူပီ)တပ်မဟာ(၁) တို့ပါဝင်သည်။
ချင်းညီနောင်အဖွဲ့ – Chin Brotherhood သည် ပြီးခဲ့သည့် ဧပြီလ ၂၉ရက်ကလည်း မကွေးတိုင်းနှင့် ချင်းပြည်နယ်နယ်စပ် ကန်ပက်လက်မြို့နယ်အတွင်းက ကျင်ဒွေးမြို့ကို အာရက္ခတပ်တော်၊ ယော PDF တို့နှင့်ပူးပေါင်းပြီး သိမ်းပိုက်နိုင်ခဲ့သည်။
ပုံစာ – မီးလောင်မှုကြောင့်ပျက်စီးသွားသည့် တီးတိန်မြို့ပေါ်ရှိ အိမ်တစ်ချို့