ဘီးလင်း မစောတံတား ဖြတ်သန်းခွင့်ပိတ်ထားသဖြင့် ကားများပိတ်မိနေ
******
သဇင်
မေ ၂၈၊၂၀၂၄။
မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ မစောတံတားတွင် ယာယီပြုလုပ်ထားသည့်လမ်းလွှဲကို ယနေ့တွင် ဖြတ်သန်းခွင့်ပိတ်ထားလိုက်သည့်အတွက် ကားများပိတ်မိနေသည်ဟု ဒေသခံများထံက သိရသည်။
မစောတံတားသည် ပြီးခဲ့သည့် မေလ ၂၃ ရက် မနက်ပိုင်းတွင် မိုင်းခွဲဖျက်ဆီးခံရပြီးနောက် မော်တော်ယာဉ်များဖြတ်သန်းသွားလာနိုင်ရန် တံတားဘေးတွင် ယာယီမြေသားလမ်းပြုလုပ်ထားခြင်းဖြစ်သည်။
မိုးရွာထားသည့်အတွက် မြေသားလမ်းကျွံကာ သွားလာရန်ခက်ခဲသောကြောင့် ယနေ့မေလ ၂၈ ရက် မနက်ပိုင်းတွင် ဖြတ်သန်းခွင့်ပိတ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဖြတ်သန်းသွားလာခွင့်ပိတ်လိုက်သည့်အတွက် ရပ်ကွက်လမ်းကြားများအထိ ကားများပိတ်မိနေသည်ဟု ဒေသခံအမျိုးသား ၁ ဦးက ဆိုသည်။
၎င်းက “ သွားလို့ရတဲ့လမ်း တော်တော်များများ ပိတ်နေရောပဲ။ အဝေးပြေးလမ်းမှာဆို ပြည့်ကြပ်နေတာပဲ။ မြို့ပေါ်ရပ်ကွက်တွေထဲသွားလို့ရတဲ့ လမ်းကြားတွေကအစပိတ်နေတာ။ တံတားကျိုးတဲ့နေရာကနေ မြို့ပြင်တာယာစက်ရုံကျော်ထိ ကားတန်းပိတ်နေပါတယ်” ဟုဆိုသည်။
လက်ရှိ မစောတံတား ယာယီမြေသားလမ်းပေါ်တွင် ကျောက်သားခင်းနေသည့်အတွက် ဖြတ်သန်းခွင့်ပိတ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။
ကားတန်းအတွင်းပိတ်မိနေသည့် ယာဉ်မောင်း ၁ ဦးက “ခုက ကားတောင် မရွေ့နိုင်တဲ့အခြေအနေပါ။ ညအိပ်ရဖို့က ၈၀ ရာခိုင်နှုန်းလောက်သေချာနေပြီ”ဟု ဆိုသည်။
မစောတံတားအနီး အဝေးပြေးလမ်းမတွင် ပိတ်မိနေသူ များအား ဒေသခံလူမှုကူညီရေးလုပ်ဆောင်နေသူများက ထမင်းဗူးများပေးဝေခဲ့သည်ဟု ဒေသခံများပြောပြချက်အရသိရသည်။
ပြီးခဲ့သည့် မေလ ၂၃ ရက် မနက်ပိုင်းတွင် မစောတံတား မိုင်းခွဲခံရသောကြောင့်ပျက်စီးခဲ့ပြီး တံတားမိုင်းခွဲခံရစဉ် တံတားပေါ်ဖြတ်သန်းသွားလာသည့် ဆိုင်ကယ် ၃ စီး တံတားအောက်ပြုတ်ကျကာ အမျိုးသား ၁ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ဓာတ်ပုံ-ပေးပို့။
ပုံစာ- မစောတံတားယာယီမြေသားလမ်းပေါ်တွင် ကျောက်သားခင်းနေသည့်မြင်ကွင်း။
****
Telegram – > https://t.me/ThanLwinKhetNews/4688
YouTube -> https://youtu.be/b23CL15_vH0
Website -> https://thanlwinkhet.net/?p=10227