ရခိုင်တိုက်ပွဲအတွင်း အရပ်သား ၂၇၀ နီးပါးသေဆုံးကာ ၆၄၀ ထိခိုက်ဒဏ်ရာရ
******
သံလွင်ခက်
မေ ၂၈ ၊ ၂၀၂၄။
ရခိုင်ပြည်နယ်တွင် တကျော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့သည့် ၆ လအတွင်း အရပ်သား ၂၇၀ ဦး နီးပါးသေဆုံးခဲ့ပြီး ၆၄၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အာရက္ခတပ်တော် – AA ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ပေးရေးရုံး – HDCO က မေလ ၂၇ ရက်တွင် ထုတ်ပြန်သည်။
စစ်ကောင်စီတပ်၏ လေကြောင်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၄ ခုနှစ် မေလ ၁၃ ရက်အတွင်း ကောက်ယူထားသည့် ထိခိုက်၊ သေဆုံးမှုအရေအတွက်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါထိခိုက်သေဆုံးမှုတွင် မင်းပြားမြို့နယ်၌ သေဆုံးသူ ၅၆ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၁၇၂ ဦးရှိခဲ့ပြီး ထိခိုက်သေဆုံးမှုအများဆုံးဖြစ်သည်ဟု HDCO ကဖော်ပြသည်။
ထို့ပြင် မြောက်ဦးမြို့နယ်တွင် သေဆုံးသူ ၄၂ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၇၂ ဦးရှိခဲ့ပြီး ထိခိုက်သေဆုံးမှု ဒုတိယအများဆုံးဖြစ်သည်ဟု ဖော်ပြထားသည်။
လက်ရှိ လက်နက်ကိုင်တိုက်ပွဲများစတင်ဖြစ်ပွားချိန်ကစ၍ လူ ၄၂၅ ဦး ဖမ်းဆီးခံထားရသည်ဟု ထုတ်ပြန် ထားသည်။
စစ်ကောင်စီတပ်က အရပ်သားများကိုပစ်မှတ်ထားတိုက်ခိုက်နေသည့်အတွက် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ရှောင်အရေတွက်တိုးလာနေပြီး လက်ရှိ စစ်ရှောင်အရေအတွက်မှာ ၅၇၂,၃၀၀ အထိရှိလာသည်ဟု ထုတ် ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါ စစ်ရှောင်ပြည်သူများသည်လည်း အရေးပေါ်လူသားချင်းစာနာမှုဆိုင်ရာအထောက်အထား အကူ အညီများလိုအပ်လျက်ရှိသည်ဟု HDCO ကထုတ်ပြန်သည်။
ဓာတ်ပုံ – AA Info Desk
ပုံစာ – ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်တွင် မင်းပြားမြို့၊ မင်းဖူးဆေးရုံအား စစ်ကောင်စီတပ်က လေကြောင်းဖြင့် လာရောက်ဗုံးကြဲပြီးနောက် မြင်ကွင်း။