မွန်ပြည်ဖက်ဒရယ်ကောင်စီ အုပ်ချုပ်ရေးကော်မတီ ပြန်လည်ဖွဲ့စည်း
******
သဇင်
မေ ၂၇၊၂၀၂၄။
အာဏာသိမ်းကာလအတွင်းပေါ်ပေါက်လာသည့် မွန်ပြည်ဖက်ဒရယ်ကောင်စီသည် မွန်ပြည်နယ်အတွင်း အာဏာ (၃)ရပ်ကို ကျင့်သုံးနိုင်ရေးအတွက် အုပ်ချုပ်ရေးကော် မတီအားပြန်လည်ဖွဲ့စည်းလိုက်သည်ဟု ယနေ့ မေလ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။
မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ ဒုတိယအကြိမ်မြောက်ညီလာခံပြီးနောက် ယခင်ဖွဲ့စည်းထားသည့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များအား ရာထူးတာဝန်ပြောင်းလဲပြင် ဆင်ရန်အတွက် အုပ်ချုပ်ရေးကော်မတီအား ပြန်လည်ဖွဲ့စည်းခြင်းဖြစ်သည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီပြောရေးဆိုခွင့်ရှိသူ နိုင်မွန်စိုင်း ကဆိုသည်။
“ကျွန်တော်တို့ ဒုတိယညီလာခံပြီးတဲ့နောက်ပိုင်းမှာ အုပ် ချုပ်ရေးကော်မတီမှာ တချို့ ဌာနမှူးတွေ၊ ရုံးအုပ်တွေ၊အခြားဌာနမှူးတွေ နှုတ်ထွက်တာရှိတယ်။ အပြောင်း အလဲတွေလည်းရှိတယ်ဆိုတော့ ကျွန်တော်တို့ပြန်လည်ပြီးတော့မှ အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းရခြင်းဖြစ်တယ်” ဟုဆိုသည်။
မွန်ပြည်ဖက်ဒရယ်ကောင်စီသည် မွန်ပြည်နယ်အတွင်း အာဏာ (၃)ရပ်ကို ကျင့်သုံးနိုင်ရေးအတွက် ဥပဒေပြုရေးကော်မတီ၊ တရားရေးကော်မတီနှင့် အုပ်ချုပ်ရေးကော်မ တီတို့ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ထုတ်ပြန်ချက်အရသိရသည်။
ပြန်လည်ဖွဲ့စည်းလိုက်သည့် အုပ်ချုပ်ရေးကော်မတီတွင် ဥက္ကဋ္ဌအဖြစ် နိုင်မွန်စိုင်း၊ ကာကွယ်ရေးဌာန ဒု-ဥက္ကဋ္ဌနှင့် ဌာနမှူးအဖြစ် နိုင်ဒင်းပလဟံသာ၊ ပြည်ထဲရေးဌာန ဌာနမှူးအဖြစ် နိုင်ပညာမာန်၊ လူသားချင်းစာနာမှုနှင့် ကယ်ဆယ်ရေးဌာန ဌာနမှူးအဖြစ် မိသုတဂျော်၊ ပညာရေးဌာန ဌာနမှူးအဖြစ် မိမူဘဲ့ နှင့် ကျန်းမာရေးဌာန ဌာနမှူးအဖြစ် မိမငေးသဇင်တို့ဖြစ်သည်။
ထို့ပြင် သတင်းပြန်ကြားရေးနှင့် လူထုဆက်ဆံရေးဌာန ဌာနမှူးအဖြစ် ဒေါက်တာသီရိမွန်ချမ်း၊ လူငယ် အမျိုး သမီး ကလေးနှင့် ဂျန်ဒါတန်းတူရေးဌာန ဌာနမှူးအဖြစ်မိသုဇာထော ၊ပြင်ပဆက်ဆံရေးဌာန ဌာနမှူးအဖြစ် နိုင်သ ဟမွန် အပြင် ဘဏ္ဍာရေးနှင့် အခွန်ကောက်ဌာန ဌာနမှူးတာဝန်အား မိဇဲ့ဟန်မွန် တို့ကိုခန့်အပ်ထားသည်။
လက်ရှိတွင် မွန်ပြည်ဖက်ဒရယ်ကောင်စီသည် လူထုဝန် ဆောင်မှုလုပ်ငန်းများဆောင်ရွက်နေပြီး အုပ်ချုပ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ကြိုးစားနေဆဲဖြစ်သည်ဟု နိုင်မွန်စိုင်း ကဆိုသည်။
၎င်းက “အဓိကက လူထုဝန်ဆောင်မှုလုပ်ငန်းတွေပဲ ဆောင်ရွက်နေပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ ကျန်းမာရေးလုပ်ငန်းတွေ နောက် တခြားပညာရေလုပ်ငန်းတွေ အတတ်နိုင်ဆုံးဆောင်ရွက်နေပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေကို အဓိကထားကူညီပေးနေတာတွေရှိပါတယ်။ လောလောဆယ်တော့ အုပ်ချုပ်ရေးလုပ်ငန်းတော့ မဆောင်ရွက်နိုင်သေးဘူး”ဟုဆိုသည်။
မွန်ပြည်နယ်တော်လှန်ရေးကာလ အုပ်ချုပ်ရေးကော်မတီသည် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၊ နွေဦးတော်လှန်ရေးအင်အားစုများ၊ လူထုအခြေပြုအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်သွားမည် ဟု အသိပေးထားသည်။
ဓာတ်ပုံ-MSFC
ပုံစာ – မွန်ပြည်ဖက်ဒရယ်ကောင်စီ ပြည်ထဲရေးဌာန ဌာနမှူး၊ ရေး-ထားဝယ်ကားလမ်းပိုင်းတွင် လူထုနှင့်တွေ့ဆုံစဉ်။