ပျူစောထီးများဖမ်းဆီးထားသော ပုလဲဒေသခံအချို့ သေဆုံး
*******
ယမင်းဖူးပွင့်အောင်
မေ ၂၇၊ ၂၀၂၄
ပျုစောထီးအဖွဲ့ဝင်များ ဖမ်းဆီးထားသည့် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ဒေသခံများ သေဆုံးမှုရှိသည်ဟု ဒေသခံများထံကသိရသည်။
ပြီးခဲ့သည့် မေလ ၂၂ ရက်တွင် ထင်းခုတ်သွားသည့် ပုလဲမြို့နယ်၊ တောင်ရွာသစ်၊ အင်မထီး၊ကျောက်ကုန်းက ပြည်သူ ၂၉ ဦးကို အင်မထီးပျူစောထီးနှင့် စစ်ကောင်စီပူး ပေါင်းအဖွဲ့ကဖမ်းဆီးသွားခဲ့ပြီး ၆ ဦးကို နေ့ချင်းပြန်လွှတ်ပေးကာ ၂၃ ဦးကို ဆက်လက်ဖမ်းဆီးထားခြင်းဖြစ်သည်။
အဆိုပါ ဖမ်းဆီးခံရသူများထဲက တောင်ရွာသစ်ဒေသခံ အမျိုးသား ၃ ဦးနှင့် တောင်ရွာသစ်ကျေးရွာနေ အင်မထီးရွာဒေသခံ ကိုထွန်းလှိုင်ဆိုသူသည် ဖမ်းဆီးခံရစဉ် သေဆုံးသွားခဲ့သည်ဟု ယင်းမာပင်ခရိုင် အမှတ် ၁၂ တပ်ရင်း၏ တပ်ထောက်တာဝန်ခံ ကိုနေမင်း က ဆိုသည်။
၎င်းက “တောထဲက အိမ်တွေကိုလည်းဖမ်းတယ်။ လယ် လုပ်တဲ့လူတွေလည်းဖမ်းတယ်။ နီးစပ်ရာအကုန်ဖမ်းတာပေါ့။ ပျူတွေက သူတို့အမျိုးတွေကိုတော့ ဖမ်းမသွားဘူး။ အဖမ်းခံရတဲ့ထဲက ၄ယောက်ကတော့ အသတ်ခံရတယ်” ဟုဆိုသည်။
ယခုဖြစ်စဉ်တွင် အသတ်ခံရသည့် ကိုထွန်းလှိုင်၏ ဖခင်ဖြစ်သူ ကိုညိုလုံး အားလည်း လွန်ခဲ့သည့် ၂နှစ်ခန့်က လူမှုရေးရန်ငြှိုးရှိသဖြင့် အင်မထီးပျူစောထီးများက သတ်ခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရသိရသည်။
ထို့ပြင် ဖမ်းဆီးခြင်းခံထားရသည့် တောင်ရွာသစ်ကျေး ရွာဒေသခံများ နှိပ်စက်ခံရပြီးနောက် ယနေ့ နံနက်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်ဟု ဒေသခံများထံက သိရသည်။
ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များက ငွေ ၂၅ သိန်း၊ ရိုးမ ဘီယာ ၂ ဖာ၊ အေဘီစီဘီယာ ၁ ဖာ၊ အရက် ၁ ဖာ၊ ကြက်ဥနှင့် ဆန်များပေး၍ရွေးယူခဲ့ရပြီး နှိပ်စက်ခံခဲ့ရမှုများလည်းရှိသည်ဟု ကိုနေမင်း က သံလွင်ခက်ကိုပြော သည်။
၎င်းက “ဟိုရောက်ရောက်ချင်း အမျိူးသမီးတွေရော အမျိုးသားတွေရောကို အဝတ်အစားတွေချွတ်ပြီး လက်ပြန်ကြိုးတုပ်ထားတယ်။ ရိုက်တယ်။ နှိပ်စက်တယ်။ ယောကျာ်းလေးတွေဆိုရင် ဓားတွေနဲ့ ရင်ဘတ်တွေကို မွှန်းတယ်။ လက်ဝါးတွေကို လှံနဲ့ ရိုက်ဖောက်တာတွေလုပ်တယ်။ မသေရုံတမယ်ပဲ”ဟုဆိုသည်။
ပြန်လည်လွတ်မြောက်လာသည့် ၁၉ ဦးတွင် တောင်ရွာသစ်ကျေးရွာဒေသခံ ၁၇ ဦးနှင့် ကျောက်ကြီးရွာဒေသခံ အမျိုးသမီး ၂ ဦးဖြစ်သည်ဟု တောင်ရွာသစ်ဒေသခံ ၁ ဦးက ပြောသည်။
တောင်ရွာသစ်ကျေးရွာတွင် အိမ်ထောင်စု ၂၀၀ ကျော်ရှိပြီး လူဦးရေ ၁,၀၀၀ ဝန်းကျင်နေထိုင်လျက်ရှိသည်။