![]()
ခင်သရဖီဦး
အာရက္ခတပ်တော် AA နှင့် စစ်ကော်မရှင်တို့ တိုက်ပွဲ ပြင်းထန်နေသည့် ကျောက်ဖြူတွင် ကျေးရွာ ၁၅ ရွာခန့်မှ ဒေသခံများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်ဟု စစ်ဘေးရှောင်များထံမှ သိရသည်။
မင်းပြင်ကျေးရွာနားအရှေ့ဘက်ရှိ ပင်လယ်ပြင်တွင် တပ်ချထားသည့် စစ်ကော်မရှင် ရေတပ် (နေဗီ) မှ ပစ်ခတ်နေခြင်း ဖြစ်သည်ဟု သိရသည်။
မင်းပြင်ကျေးရွာမှ အသက် ၃၀ အရွယ် အမျိုးသမီး တစ်ဦးက “နေဗီ နှစ်စီးနဲ့ ကျေးရွာဘက်တွေကို လှမ်းပစ်နေတာပါ။ အဲဒီကနေ ရွာတွေကို ကျတယ်။ လေယာဥ်တွေနဲ့လည်း လာချတယ်။ အဲဒါကြောင့် ဘေးလွတ်ရာကို လာကြတာပါ” ဟု ပြောသည်။
သရက်တော၊ ချောင်းဝ၊ ချောင်းဖျား ဂေါ်တူ၊ ပျားတဲတောင်၊ ကျောက်ပျောက်၊ ကုလဘာ၊ သိုင်းချောင်း၊ ဇိုင်းချောင်း၊ မင်းပြင် စသည့် ကျေးရွာ ၁၅ ရွာခန့်က ဘေးလွတ်ရာကို စစ်ဘေးရှောင်နေကြရခြင်းဖြစ်သည်။
စစ်ဘေးမရှောင်ခင်က ဒေသခံများသည် ပင်လင်ပြင်သို့ ငါးသွားမဖမ်းရသည့်အတွက် သားငါး ပြတ်လပ်သည့် အခြေအနေ ရှိခဲ့သည်ဟုလည်း ကုလဘာကျေးရွာမှ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
၎င်းက “နေဗီက ပင်လယ်ကို ရောက်ကတည်းက ရွာက လူတွေက ဘယ်သူမှ ငါးသွားမဖမ်းရဲကြတော့ဘူး။ ငါးကလည်း လုံးဝ ငတ်တယ်။ စားဝတ်နေရေးကလည်း အဆင်မပြေတော့ဘူးပေါ့” ဟုဆိုသည်။
ကျောက်ဖြူတွင် စစ်ကောင်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းနှင့်လေကြောင်းမှ အပြင်းအထန် တိုက်ခိုက် ကာကွယ်နေခြင်းလည်းဖြစ်သည်။
အာရက္ခတပ်တော်အနေဖြင့်လည်း ကျောက်ဖြူရှိ ကာကင်းတပ်စခန်းများကို သိမ်းပိုက်ထားပြီး ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။
