![]()
ခင်သရဖီဦး
စစ်ကော်မရှင်က ယခုရက်ပိုင်းအတွင်း ဗုံးကြဲတိုက်ခိုက်မှုများဆက်တိုက်လုပ်ဆောင်နေသောကြောင့် ပေါက်တောဒေသခံများထပ်မံ စစ်ဘေးရှောင်နေကြရသည်ဟု သိရသည်။
စစ်ကော်မရှင်တပ်အနေဖြင့် နိုဝင်ဘာလ ၈ ရက်တွင် လေကြောင်းမှ နေပြီး စက်သေနတ်ဖြင့်လည်းကောင်း၊ ဗုံး ၃ လုံး ကြဲချ၍လည်းကောင်း တိုက်ခိုက်ခဲ့သည့်အတွက် မြို့ပေါ်နေ ပြည်သူများမှာ ထပ်မံ စစ်ဘေးရှောင်ကြရသည်ဟု ဒေသခံများက ဆိုသည်။
အသက် ၄၀ အရွယ် ပေါက်တောဒေသခံ အမျိုးသားတစ်ဦးက ”မနေရဲတော့ ထပ်ပြီး စစ်ရှောင်ရတာပေါ့။ ဂျက်တွေရော ဒရုန်းတွေရော ပစ်ခတ်မှုတွေက နေ့တိုင်းဆိုသလို ရှိနေတယ်။ အဲဒါကြောင့် ထပ်ပြီး ဘေးကင်းဖို့ နေရာတွေကို သွားနေတာပေါ့” ဟု ပြောသည်။
ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံ အရပ်သား လေးဦး သေဆုံးပြီး သုဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရသည်။
အချို့ကတော့ စစ်ဘေးရှောင်ရသည့်အခါတွင် နေထိုင်ရေးနှင့် စားသောက်ရေး အဆင်မပြေသည့်အတွက် ထပ်မံ စစ်ဘေးမရှောင်သူများလည်း ရှိသည်ဟု အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။
”ကျမတို့အိမ်က လူတွေကတော့ ထပ်ပြီး စစ်ဘေးရှောင်ဖို့က ငွေမတတ်နိုင်တော့ဘူး။ သူများအိမ်မှာ နေရေးစားရေက အစ အဆင်မပြေဘူးလေ။ ငွေတွေလည်း စစ်ဘေးရှောင်ရင်းက အရမ်း အကုန်ကျများတယ်။ တစ်ခုကနေ တစ်ခုက ထသွားဖို့အတွက်က အဆင်မပြေတော့ ကြောက်ပေမယ့် ကိုယ့်အိမ်မှာပဲ နေနေတော့မယ်” ဟု ၎င်းက ဆိုသည်။
စစ်ကော်မရှင်တပ်အနေဖြင့် ရခိုင်တွင် နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်မှုများကို လုပ်ဆောင်နေပြီး အရပ်သား ထိခိုက်သေဆုံးမှုများလည်း ဆက်လက်မြင့်တက်လျက်ရှိသည်။
ပုံစာ – ပေါက်တောမှ စစ်ရှောင်လာကြသည့် စစ်ဘေးရှောင်များ (ပုံဟောင်း – သံလွင်ခက်)
