ဝိုင်းမော် စစ်ရှောင်ကလေးများ စာသင်ကြားရန် အခက် အခဲဖြစ်နေ
*******
ထွယ်
မေ ၁၆၊ ၂၀၂၄။
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အောင်မြေ ၂ ကျေးရွာက တိုက်ပွဲတိမ်းရှောင်လာကြသည့် ဒေသခံပြည်သူများအနက်က ပညာသင်ကြားရမည့် ကျောင်းနေအရွယ်ကလေးများသည် ယခုပညာသင်နှစ်တွင် ပညာဆက် လက်သင်ကြားရန် ခက်ခဲလျက်ရှိသည်ဟု စစ်ရှောင်ပြည်သူများထံက သိရသည်။
စာသင်ကြားရန်အတွက် ကျောင်းဆောင်များလိုအပ်နေပြီး သင်ကြားပေးမည့် ဆရာ၊ ဆရာမများလည်း လိုအပ်နေသည်ဟု စစ်ရှောင်စခန်း၏ ပညာရေးကဏ္ဍတွင် တာ ဝန်ယူနေသည့် တာဝန်ခံဆရာမ ၁ ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “ စာသင်ဖို့ကျောင်းဆောက်နေတာ အနီးက ဝါးတွေနဲ့ပဲ ဆောက်နေတာ။ ပြီးတော့မပြီးသေးဘူး။ အမိုးကို ဘာနဲ့ မိုးရမလဲဆိုတာတော့ မသိသေးဘူး။ ငွေကြေးလို အပ်နေတာပေါ့။ ထိုင်ခုံတွေလည်း မရှိသေးဘူး။ သင်ထောက်ကူကအစ ဘာမှမရှိသေးတာ။ စာသင်မယ့်ကျောင်းသားနဲ့ နေရာပဲရှိသေးတာ” ဟုပြောသည်။
လာမည့် ဇွန်လဆန်းပိုင်းတွင် ကျောင်းဖွင့်လှစ်ရန် ပြင် ဆင်နေသော်လည်း အခက်အခဲများနှင့်ရင်ဆိုင်နေရသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
“မြို့ဘက်ကမိဘတွေက ကိုယ့်ကလေးတွေကို သူတို့ကိုယ်တိုင် သင်ပေးနိုင်တယ်။ ကျွန်မတို့ရဲ့ မိဘတွေက တောင်သူ တောင်သားမို့ အိမ်မှာလည်း မသင်ပေးတတ်ဘူး၊ အဲ့တော့ စခန်းမှာပဲ ကျောင်းဖွင့်ဖို့ ကြိုးစားရတာပါ။ မိုးရွာလို့ သင်မယ့်နေရာမရှိလို့ Light track ကားပေါ်မှာလည်း သင်ဖူးတယ်။ ကလေးတွေက ကြပ်လို့ အဆင်မပြေဖြစ်ပြီး စာလေ့လာတဲ့ချိန် သေချာအာရုံမစိုက်နိုင်ကြဘူး” ဟုဆိုသည်။
ကချင်လွတ်လပ်ရေးတပ်မတော် – KIA နှင့် ပူးပေါင်းတပ်သည် ကချင်ပြည်နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ ၂ လခန့်ရှိပြီဖြစ်ပြီး KIA ဌာနချုပ်အနီးရှိ စစ်ကောင်စီတပ်စခန်းများအပါအဝင် မြစ်ကြီးနားမြို့တစ်ဖက်ကမ်း ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။
အဆိုပါတိုက်ပွဲများကြောင့် မတ်လ ၇ ရက်တွင် ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာနှင့် အောင်မြေ ၁ ကျေးရွာ အကြား ပြည်သူ့စစ်အပါအဝင် စစ်ကောင်စီတပ်နှင့် KIA တို့၏တိုက်ပွဲကြောင့် အောင်မြေ ၂ ကျေးရွာတွင် ဒေသခံပြည်သူ ၁,၀၀၀ ကျော်ကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားခဲ့သည်။
တစ်ပတ်ကြာပိတ်မိပြီးနောက် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် KBC နှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များက ၎င်းတို့အား ကယ်ထုတ်ခေါ်ယူခဲ့ပြီး တချို့စစ်ဘေးရှောင်ပြည်သူများကို မိုင်းနားစစ်ရှောင်စခန်းနှင့် စန်းကားကျေး ရွာတွင် ယာယီနေရာချထားခဲ့သည်။
ထိုကနေတဆင့် လဘန်ကျေးရွာအသင်းတော်သို့ ပြောင်း ရွှေ့ခဲ့ပြီး ယင်းကမှတဆင့် ဧရာဝတီမြစ်ကမ်းဘေး အသင်းတော်ပိုင် စိုက်ပျိုးခြံတစ်ခုတွင် မိုးကာတဲအဆောင်များဆောက်လုပ်ကာ နေရာချခိုလှုံလျက်ရှိသည်။
အဆိုပါ စစ်ရှောင်စခန်းတွင် မိသားစု ၁၃၂ အိမ်ထောင်စုရှိကာ ပညာသင်ကြားနေသည့် ကလေးလူဦးရေ စုစု ပေါင်း ၂၅၀ ခန့်ရှိသည်ဟု သိရသည်။
စစ်ရှောင်ကလေးငယ်များသည် ယခင်ကနေထိုင်ခဲ့သည့် ကျေးရွာရှိ ဘုရားကျောင်းပညာရေး (Community School) တွင် ပညာသင်ကြားခဲ့ကြသော်လည်း လက်ရှိနေထိုင်သည့် စစ်ရှောင်စခန်းတွင် ပညာဆက်လက်သင်ကြားနိုင်ရန် ကြိုးစားနေကြခြင်းဖြစ်သည်။
ထို့ပြင် ယခုချိန်ထိ ပညာသင်ကြားရန်ခက်ခဲနေပြီး မည်သည့်နေရာတွင်ကျောင်းနေရမည်ကို မသိသေးသည့် ကလေး ၅၀ ဦးခန့်ရှိသည်ဟု ပညာရေးတာဝန်ခံများထံက သိရသည်။