လဝက်အတွင်း တိုက်ပွဲ ၄၆ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးသေဆုံး
*******
နန်းဆုပန်ခန့်
မေ ၁၇၊ ၂၀၂၄။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မူတြော်ခရိုင်၊ တပ်မဟာ ၅ အတွင်း ၂၀၂၄ ခုနှစ် မေလ ၁၅ ရက် လဝက်တိုက်ပွဲအတွင်း၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A ဦးဆောင်မှုနှင့် အတူ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲပေါင်း ၄၆ ကြိမ်ဖြစ်ပွားခဲပြီး စစ်ကောင်စီဘက်က ၁၇ ဦးသေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မူတြော်သတင်းက ထုတ်ပြန်သည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များဘက်ကလည်း ရဲဘော်အချို့ သေဆုံးသူရှိပြီး ဒဏ်ရာရရှိသူတချို့လည်း ရှိခဲ့သည်။
ထို့ပြင် မေလ ၁ ရက်ကနေ ၁၅ ရက်အထိ စစ်ကောင်စီတပ်ဘက်က တိုက်ပွဲဖြစ်ပွားစဥ်အတွင်းသော်လည်ကောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲသော်လည်ကောင်း လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းဖြင့်တိုက်ခိုက်မှုများအပြင် လက်နက် ကြီးများဖြင့်လည်း ဒေသခံပြည်သူလူထုများနေထိုင်ရာ ကျေးရွာများအတွင်းနှင့် လုပ်ငန်းခွင်များအတွင်းသို့ နေ့စဥ် နီးပါးဗုံးသီးများ၊ အမြောက်ဆံများဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့သည်။
ထိုသို့ပစ်ခတ်မှုများကြောင့် ပြည်သူလူထုပိုင် နေအိမ် ၁၅ လုံးနှင့် စပါးကျီ ၁ လုံး ထိမှန်ပျက်စီးသွားခဲ့ရသည်ဟုလည်း အဆိုပါထုတ်ပြန်ချက်ကဆိုသည်။
ပြီးခဲ့သည့် ဧပြီလ ၁ ရက်ကနေ ၁၅ ရက်အတွင်း တိုက်ပွဲပေါင်း ၈၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၅ ဦး သေဆုံးကာ ၃၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
တိုက်ပွဲများအတွင်း ပူးပေါင်းတပ်ဘက်ကလည်း ၆ ဦးကျဆုံးခဲ့ရပြီး ၄၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တပ်မဟာ ၅ ဌာနချုပ်စာရင်းအရ သိရသည်။
ဧပြီလ ၁ လတာကာလအတွင်း တပ်မဟာ ၅ ထိန်းချုပ်နယ်မြေတွင် တိုက်ပွဲပေါင်း ၁၇၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ် ကောင်စီဘက်က ၆၄ ဦးသေဆုံးကာ ၃၅ ဦး ဒဏ်ရာရရှိခဲ့သည်။
ဧပြီလ ၁ လအတွင်းမှာပင် မူတြော်ခရိုင်အတွင်းရှိ စစ်ကောင်စီစခန်းများဖြစ်ကြသည့် သူးမွဲထာစခန်း၊ ကိုးကောထာ စခန်း၊ ညာ့တခိုကျိုးစခန်း၊ ဟော့မာဒေါစခန်းနှင့် မဲဝေဘလန့်စခန်းတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ စွန့်ခွာခဲ့ရ သည့်အပြင် ပူးပေါင်းတပ်ဘက်ကလည်း ခြေမြန်တပ်ရင်း ခမရ – ၄၃၄ တပ်စခန်းကို လက်နက်ခဲယမ်းများနှင့်အတူ သိမ်းပိုက်နိုင်ခဲ့သည်။
ဓာတ်ပုံ – မူတြော်သတင်း
ပုံစာ – ခမရ – ၄၃၄ တပ်ရင်းအား လက်နက်ခဲယမ်းနှင့်အတူ သိမ်းပိုက်နိုင်ခဲ့စဉ်။