ရွှေကျင်မြို့နယ်မှ စွန့်ခွာစခန်းတဝိုက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ်
*****
သံလွင်ခက်
မေ ၁၅၊ ၂၀၂၄။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေဖြစ်သည့် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင် မြို့နယ်မှစွန့်ခွာခဲ့ရသည့် တပ်စခန်းနေရာအနီးတဝိုက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး ပစ်ခတ်မှုများလုပ်ဆောင်နေသည်ဟု ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွှေကျင်မြို့နယ်၊ ပဒဲကောကျေးရွာရှိ ဘောကထတပ်စခန်းမှ စွန့်ခွာခဲ့ပြီးနောက် လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်သည်ဟု ဒေသခံ အမျိုးသား ၁ ဦးက သံလွင်ခက်သတင်း ဌာနကို ပြောသည်။
၄င်းက ” စခန်းစွန့်သွားတော့ အတွဲလိုက်ဒုံးတွေနဲ့ လှမ်းပစ်တာ။ မနေ့ကဆိုလည်း လေယာဉ်တွေနဲ့ပါ လာပစ်တယ်။ အဲ့ ဘောကထအထက်နားက နေရာတွေကို ” ဟုဆိုသည်။
စစ်ကောင်စီက ထိုကဲ့သို့ လေကြောင်းဖြင့်ပစ်ခတ်ခဲ့သည့်အပြင် ပိန်းဇလုတ်မြို့အခြေစိုက် ခမရ ၂၆၄ တပ်ကလည်း နေ့စဉ်နီးပါး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများလုပ်ဆောင်လျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပူးပေါင်းတပ်များ၏ ပိတ်ဆို့ထားမှုကြောင့် မေလ ၇ ရက် တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွှေကျင်မြို့နယ်၊ ပဒဲကောကျေးရွာရှိ ဘောကထ တပ်စခန်းအား စွန့်ခွာခဲ့ခြင်း ဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံကသိရသည်။
ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးက “အဲမှာဝိုင်းပြီးတော့ ပိတ်ဆို့ညှပ်ထားတဲ့အခါကျတော့ စခန်းကို စွန့်သွားကြတာ။ အင်အားကတော့ ၃၀ နဲ့ ၅၀ ကြားပဲရှိပါတယ်။ လက်ရှိ အဲ့စခန်းကသူတွေက သံဆိပ်တို့၊ တုံးတံတားတို့မှာ သွား ပေါင်းထားတယ်” ဟုဆိုသည်။
စွန့်ခွာခဲ့သည့်တပ်စခန်းနေရာများကို ပိန်းဇလုတ်မြို့အခြေစိုက် ခမရ ၂၆၄ တပ်က ပစ်ခတ်မှုများလုပ်ဆောင်နေ သည့်အပြင် ကျောက်တံခါးမြို့နယ်အတွင်းရှိ ကျေးရွာများကိုလည်း ပစ်ခတ်မှုများလုပ်ဆောင်လျက်ရှိသည်ဟု ဒေသ ခံများထံက သိရသည်။
ယမန်နေ့ ၁၄ ရက်တွင်လည်း ခမရ ၂၆၄ တပ်ကပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ကျောက်တံခါးမြို့ နယ်၊ တောင်ခင်ကျေးရွာအုပ်စု၊ ကြိတ်ကွင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် အသက် ၃၅ နှစ် အရွယ် အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် မေလ ၁ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်၏ သံဆိပ်စခန်းက လက်နက်ကြီးနှင့် ဒရုန်းများ ပစ်ခတ်ရာ သံဆိပ်မင်းလမ်းကျောက်ကြီးချောင်းနံဘေးရှိ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU က မေ ၈ ရက်တွင် ထုတ်ပြန်ထားသည်။
ထို့အပြင် ဧပြီလ ၂၂ ရက် ကစ၍ ဧပြီလ ၂၇ ရက်အထိ ရွှေကျင်မှ သံဆိပ်သို့ စစ်ကြောင်းထိုးလာသော ခမရ-၃၄၉ နှင့် စစ်ကောင်စီ တပ်ရင်း ၂ က တပ်ဖွဲ့ဝင်များသည် ရွာသား ၂ ဦးအား သတ်ဖြတ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်တွင် စစ်ကောင်စီ၏သံဆိပ်စခန်း၊ ဘောကထာ နှင့် တုံးတံတား စခန်း တို့အား KNLA ပူးပေါင်းတပ်များက ၁ ရက်အတွင်း တိုက်ခိုက်ခဲ့ပြီးနောက် ပြန်လည်ဆုတ်ခွာခဲ့သည်။
ဓာတ်ပုံ – KNU
ပုံစာ – ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်တွင် သံဆိပ်စခန်း၊ ဘောကထာနှင့် တုံးတံတားစခန်းတို့အား KNLA ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ပြီးနောက်မြင်ကွင်း။
****
Telegram – > https://t.me/ThanLwinKhetNews/4608
YouTube -> https://youtu.be/b23CL15_vH0
Website -> https://thanlwinkhet.net/?p=10005