သရက်ချောင်းလေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦး သေဆုံး
******
သဇင်
မေ ၉၊၂၀၂၄။
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာအား စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကလေးငယ် ၂ ဦး သေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ယမန့်နေ့ မေလ ၈ရက်၊ ညနေ ၅ နာရီခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးဖြင့် ကနက်သီရိကျေးရွာနှင့် အနီးဝန်းကျင်ရှိကျေးရွာများကို ဗုံး ၁၀ လုံးထက်မနည်းကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဂျက်ဖိုက်တာ ၂ စီးသည် ကနက်သီရီကျေးရွာလယ်ကွင်းစပ်ကနေ စက်သေနတ်များဖြင့် ပစ်ခတ်လာခဲ့ပြီး ကျေးရွာစာသင်ကျောင်းအနီးတွင် ဗုံးများကြဲချခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကနက်သီရိကျေးရွာရှိ အသက် ၁၆ နှစ်အရွယ် မောင်ပိုင်စိုးသူနှင့် မောင်ဟိန်းပြည့်ဖြိုးတို့ ၂ ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ၈ ဦးဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီပြန်ကြားရေးတာဝန်ခံက”ပထမတစ်ကြိမ်က ၅ နာရီဝန်းကျင်လောက်မှာလာပါတယ်။ ကြဲတာက ပထမတစ်ကြိမ်မှာကြဲတာပါ။ ဒုတိယတစ်ကြိမ်က ဝဲရုံပါပဲ။ ကြဲတာမရှိဘူး။ စာသင်ကျောင်းဘေးမှာ ဘောလုံးကစားနေတဲ့ ကလေး ၂ ယောက်ထိသွားတယ်။ ပွဲချင်းပြီးပဲ”ဟု ဆိုသည်။
ထို့အပြင် စစ်ကောင်စီတပ်က ကနက်သီရိကျေးရွာအနီး ရငဲကျေးရွာရှိ တိုက်နယ်ဆေးရုံအား လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည့်အတွက် ဆေးရုံတစ်ခုလုံးပျက်စီးခဲ့ရသည်ဟု ဒေသခံ ၁ ဦးကဆိုသည်။
၄င်းက “ဆေးရုံက ယာယီပိတ်ထားတဲ့ဆေးရုံပါ။ အာဏာ သိမ်းပြီးနောက်ပိုင်း ဝန်ထမ်းတွေ CDM လုပ်သွားကြလို့ ပိတ်ထားတာ။ ဆေးရုံကလုံးဝပျက်စီးသွားတဲ့ အနေအ ထားပါ” ဟုဆိုသည်။
လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရသည့် ကနက်သီရိရွာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို တော်လှန်ရေးတပ်များ အခြေစိုက်တပ်စွဲထားခြင်းမရှိဘဲ ကျေးရွာနေပြည်သူများအပေါ် စစ်ရာဇ ဝတ်မှုကျူးလွန်ခြင်းဖြစ်သည်ဟု ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ထုတ်ပြန်ထားသည်။
ယခု ၂၀၂၄ ခုနှစ် အစောပိုင်းကစပြီး ထားဝယ်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်များက ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆက်တိုက်ရှိလာနေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်လာနေသည်။
ပြီးခဲ့သည့် မတ်လ ၈ရက်ကလည်း သရက်ချောင်းမြို့ နယ်၊ ပဲဒက်ရွာရှိ စစ်ကောင်စီတပ်စခန်းကို ကြည်း၊ ရေ၊လေတို့ဖြင့် အပြင်းအထန်ခုခံနေသည့်ကြားက ၄ ရက် ကြာတိုက်ခိုက်ပြီးနောက် အဆိုပါတပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက အပြီးသတ်သိမ်း ပိုက်နိုင်ခဲ့သည်။
ဓာတ်ပုံ – ပေးပို့။
ပုံစာ – လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ရငဲတိုက်နယ်ဆေးရုံမြင်ကွင်း။