ပုဏ္ဏားကျွန်းရှိကျေးရွာတချို့တွင် သောက်သုံးရေ ပြတ်လပ်နေသည်မှာ ၂ လကျော်လာ
********
ခင်သရဖီဦး
မေ ၉၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာတချို့တွင် စစ်ဘေးရှောင် လူဦးရေများပြားစွာ ခိုလှုံနေကြသည့်အတွက် ရေမလုံမလောက်ဖြစ်ကာ သောက်သုံးရေ အခက်အခဲများရှိနေသည်ဟု ဒေသခံများထံက သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်ရှိကျေးရွာများဖြစ်သည့် သရက်ချို၊ ပန်းနီလာ၊ ယိုးတရုတ် ၊ အောင်ဖြူပြင်၊ တောင်နားရွာ စသည့် ကျေးရွာများတွင် စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့များက လူဦးရေ ၁၀,၀၀၀ ကျော်ခိုလှုံနေသည့်အတွက် ယခုကဲ့သို့ ရေပြတ်လပ်လာခြင်းဖြစ်သည်။
ပုဏ္ဏားကျွန်းဒေသခံလူငယ် ၁ ဦးက “ရွာတွေမှာက ဒီအချိန်ဆို ရေက ရှားပါးတယ်။ ဒါပေမယ့် အခု စစ်တွေတို့ ပုဏ္ဏားကျွန်းမြို့ပေါ်က စစ်ရှောင်တွေ တအားများတော့ ပိုပြီး အခက်အခဲဖြစ်သွားတာပေါ့” ဟု ဆိုသည်။
ယင်းကျေးရွာများတွင် ဒေသခံ စုစုပေါင်း ၁၀,၀၀၀ ခန့် ရှိသည့်အပြင် စစ်ဘေးရှောင် ၁၂၀,၀၀၀ ခန့်ရှိနေသည့်အတွက် လူဦးရေ ၂၀,၀၀၀ကျော်ခန့် သောက်သုံးရေ အခက်အခဲ ဖြစ်နေကြခြင်းဖြစ်သည်။
သောက်သုံးရေပြတ်လပ်လာသည့်အတွက် တချို့ကလေးငယ်များသည် အရေပြားယားယံခြင်းအပြင် ဝမ်းရောဂါမအဖြစ်များလာသည်ဟု ဒေသခံ ၁ ဦးက ဆိုသည်။
၄င်းက ” အခုက အပူချိန်လည်းပြင်းတော့ မလွယ်ဘူး။ ရေကလည်း ပုံမှန်မချိူးရတာရယ်၊ ရေမသန့်တာတွေကို ချိုးရတော့ ကလေးတွေယားနာတွေ ပေါက်ကြတယ်။ ရေခမ်းချိန်လည်းဖြစ်တော့ ရှိနေတဲ့ ရေကို ကြိုသောက်ရတာ ရှိတယ်။ ၀မ်းရောဂါကလည်း ဖြစ်ကြတယ်” ဟု ဆိုသည်။
သောက်ရေရရှိရန် အတွက် ၁၀ မိုင်ခန့်ကွာဝေးသည့် နေရာများသို့သွားရောက်ကာ ရေသယ်ယူသူတချို့လည်း ရှိနေသည်ဟု ဒေသခံများထံကသိရသည်။
ယင်းဒေသရှိ စစ်ဘေးရှောင်များသည် လက်ရှိတွင် အလုပ်အကိုင်ရှားပါးခြင်းနှင့် စားဝတ်နေရေးအကြပ်
အတည်များ ရင်ဆိုင်နေကြရပြီး လက်ရှိတွင် သောက်သုံးရေအခက်အခဲများလည်း ရင်ဆိုင်နေကြရခြင်းဖြစ်သည်။
ပုဏ္ဏားကျွန်းဒေသခံများသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစတင်၍ နီးစပ်ရာ ကျေးရွာများသို့ ရွှေ့ ပြောင်းနေကြရပြီး စစ်တွေဒေသခံများသည်လည်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလကစတင်၍ တိမ်းရှောင်နေကြရခြင်းဖြစ်သည်။
****
Telegram – > https://t.me/ThanLwinKhetNews/4557
YouTube -> https://youtu.be/b23CL15_vH0
Website -> https://thanlwinkhet.net/?p=9851