အပူလှိုင်းက ဒူးရင်းသီးစိုက်ပျိုးရေးကို ထိခိုက်
***********
သံလွင်ခက်
မေ ၇၊ ၂၀၂၄။
ထိုင်းနိုင်ငံ၏ အကျော်ကြားဆုံးနှင့် အကျိူးအမြတ်အများဆုံးပို့ကုန်များထဲတွင် ဒူးရင်းသီးလည်းပါဝင်သည်။
အနံ့ပြင်းရှသော်လည်း အသီးတို့၏ဘုရင်အဖြစ် တင်စားခေါ်ဝေါ်လေ့ရှိသော ဒူးရင်းသီးကို လွန်ခဲ့သောနှစ်ပေါင်းရာ ချီ ကတည်းက ထိုင်းနိုင်ငံတွင်စိုက်ပျိုးလာခဲ့သည်။
သို့သော် အရှေ့တောင်အာရှနိုင်ငံများသည် ပြင်းထန်သောအပူလှိုင်းဒဏ်ကိုခံစားလာကြရသဖြင့် ဒူးရင်းသီးအထွက် နှုန်းနည်းလာပြီး ကုန်ကျစရိတ်များမြင့်တက်လာခဲ့သည်။ ကမ္ဘာကြီးပူနွေးလာခြင်းက စိုက်ပျိုးရေးလုပ်ငန်းများ အပေါ် သက်ရောက်မှုရှိပါသည်။ ထို့ကြောင့်လည်း လက်ရှိကြုံနေရသောအပူလှိုင်းက စိုက်ပျိုးသူများနှင့် ရောင်းချ သူများအတွက် အချက်ပေးခေါင်းလောင်းသံလည်း ဖြစ်လာနေသည်။
“ဒီနှစ်ကတော့ တကယ်ကြပ်တည်းတဲ့နှစ်ပါပဲ” ဟု ဒူးရင်းသီးတောင်သူ ဘူဆာဘာ နခ်ပီးပတ် က ပြောသည်။
ဘူဆာဘာ သည် အသက် ၅၄ နှစ်ပြည့်ပြီဖြစ်သည်။
ထိုင်းနိုင်ငံ၏အရှေ့ပိုင်းခရိုင်ဖြစ်သော ချန်သာဘူရီ သည် ဒူးရင်းသီးစိုက်ပျိုးသူတို့၏ နှလုံးသည်းပွတ်ဒေသဖြစ်သည်။
ဘူဆာဘာ သည် မိဘတို့၏လက်ငုတ်လက်ရင်းလုပ်ငန်းဖြစ်သော ဒူးရင်းသီးစိုက်ပျိုးရေးလုပ်ငန်းကို မိဘတို့ထံက လက်ပြောင်းယူကာလုပ်ကိုင်လာခဲ့သည်မှာ လွန်ခဲ့သော ဆယ်စုနှစ် ၃ စုကျော်ကတည်းကဖြစ်သည်။ ယခုတော့ လည်း ပြင်းထန်သောအပူလှိုင်းက သူမ၏စိုက်ပျိူးရေးလုပ်ငန်းအပေါ် ဆိုးကျိုးများသက်ရောက်စေခဲ့တော့သည်။
“ရှေ့လျှောက်လည်း ဒီလိုပူနေဦးမယ်ဆိုရင်တော့ ကျွန်မတို့လုပ်ငန်းတွေ နိဂုံးချုပ်ပါပြီ” ဟု သူမကပြောသည်။
တစ်ဆက်တည်းမှာပင် သူမက “ ဒီတိုင်းသာဆိုရင်တော့ တောင်သူတွေလည်း ဒူးရင်းသီး စိုက်ပျိုးထုတ်လုပ်နိုင်တော့ မှာမဟုတ်ဘူး” ဟုဆိုသည်။
ပုံမှန်အားဖြင့်ဆိုလျှင် ဒူးရင်းသီးစိုက်ပျိုးရာသီက မတ်လနှောင်းပိုင်းကနေ ဇွန်လနှောင်းပိုင်းအထိဖြစ်သည်။ သို့သော် သူမစိုက်ပျိုးရေးလုပ်ကိုင်နေသော ချန်သာဘူရီခရိုင်၏ ပြီးခဲ့သောရက်သတ္တပတ်များအတွင်းအပူချိန်က ၄၀ ဒီဂရီ ဆဲလ်စီးယပ်အထိ ရှိခဲ့သည်။
ပြင်းထန်သောအပူချိန်ကြောင့် ဒူးရင်းသီးရင့်မှည့်ချိန်မြန်ဆန်လာပြီး အပြည့်အဝမကြီးထွားနိုင်တော့သည့်အတွက် အလေးချိန်၊ အရွယ်အစားနှင့် တန်ဖိုးများနိမ့်ကျကုန်သည်ဟု သူမကဆိုသည်။
“ဒူးရင်းသီးအရည်အသွေးက သတ်မှတ်စံချိန်စံညွှန်းနဲ့ မကိုက်ညီတော့ဘူးပေါ့”
ဆန်နှင့် ရာဘာပြီးလျှင် ထိုင်းနိုင်ငံ၏ တတိယအကြီးမားဆုံးပြည်ပပို့ကုန်က ဒူးရင်းသီးဖြစ်သည်။
ထိုင်းနိုင်ငံ၏ ဒူးရင်းသီးပို့ကုန် ၉၅ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံသို့ဖြစ်သည်။ ထိုင်းနိုင်ငံသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အတွင်း ဒူးရင်းသီးတင်ပို့ရောင်းချမှုကနေ ဒေါ်လာ ၄ ဒဿမ ၆ ဘီလီယံရရှိခဲ့သည်ဟု ဘေဂျင်းကုန်သွယ်ရေး ဝန် ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ထိုင်းနိုင်ငံတွင် အပူချိန်မြင့်တက်မှုနှင့် မိုးခေါင်မှုတို့ကြောင့် ဗီယက်နမ်နိုင်ငံ၏ တရုတ်နိုင်ငံသို့ဒူးရင်းသီးတင်ပို့မှုက ၅၀ ရာခိုင်နှုန်းတိုးမြှင့်လာသည်ဟုလည်း တရုတ်အစိုးရသတင်းဌာနတွင်ဖော်ပြသည်။
“ရာသီဥတုပူတော့ ဒူးရင်းသီးအထွက်နှုန်းလျော့သွားတယ်။ ဒီနှစ်တောင်မှ ထင်သလောက်မထွက်တော့ဘူး မဟုတ်လား” ဟု အသက် ၂၆ နှစ်အရွယ်ရှိ စီရီဝမ် ကပြောသည်။
ဒူးရင်းတောင်သူများသည်ရှေ့ဆက်ရင်ဆိုင်ရဦးမည့်လများ၌ ကြုံရဦးမည့် ရာသီဥတုအကြောင်းတွေးတောရင်း ရင်မောနေကြသည်။
“တကယ်လို့ ရေမရတော့ဘူးဆိုရင်တော့ ဒူးရင်းသီးအနာဂတ်က အဆုံးသတ်ပြီ”ဟု ဘူဆာဘာ ကပြောသည်။
Ref: Thai PBS World