လက်နက်ကိုင်တော်လှန်ရေးအရွေ့ အဟုန်ကောင်းလာသည့် မွန်တော်လှန်ရေး
*********************
သဇင်
ဖေဖော်ဝါရီ ၂၇ ၊၂၀၂၄။
ပြည်ပတွင်အလုပ်သွားရောက်လုပ်ကိုင်နေသူများအပါအဝင် မွန်လူငယ်များစွာသည် လက်နက်ကိုင်တော်လှန်ရန် ချိတ်ဆက်ဝင်ရောက်လာမှုများ ယခုလပိုင်းအတွင်း ပိုမိုများပြားလာသည်ဟု မွန်တော်လှန်ရေးအဖွဲ့အစည်းများထံ က သိရသည်။
စစ်ကောင်စီက ” စစ်မှုထမ်းဥပဒေ ” ကို ဖေဖော်ဝါရီလ ၁၀ ရက်တွင်ထုတ်ပြန်ပြီး ၄ ရက်အကြာ ဖေဖော်ဝါရီ ၁၄ ရက်တွင် မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖြတ်ရေးအဖွဲ့က စစ်အာဏာရှင်ကို တိုက်ထုတ်သွားမည်ဟု တရား ဝင်ကြေညာခဲ့သည်။
တိုင်းရင်းသားလူမျိုးများအပါအဝင် လူငယ်များကို စစ်ကောင်စီကဖိအားပေး စစ်မှုထမ်းခိုင်းလာသည့်အခြေအနေ၌ မွန်တော်လှန်ရေးအဖွဲ့အစည်းကြီးဖြစ်သည့် မွန်ပြည်သစ်ခေါင်းဆောင်တချို့က လက်နက်ကိုင်တော်လှန်ဖို့ လမ်းဖွင့် ချိန်တွင် မွန်လူငယ်များ တော်လှန်ရေးအဖွဲ့အစည်းများထံဝင်ရောက်မှု များပြားလာခြင်း ဖြစ်သည်။
အဆိုပါအခြေအနေနှင့်ပတ်သက်ပြီး မွန်ပြည်တော်လှန်ရေးတပ် – MSDF ဥက္ကဋ္ဌ ဒေါက်တာသီရိမွန်ချမ်း က “မွန် ပြည်သစ်ပါတီက အမျိုးသားရေး၊ တော်လှန်ရေးကိစ္စရပ်တွေမှာ အစဉ်အလာကြီးမားပြီး အတွေ့အကြုံရှိခဲ့တဲ့ လက် နက်ကိုင်တော်လှန်ရေးပါတီတစ်ခုပါ။ အခုလို စစ်ကောင်စီကိုတိုက်တော့မယ်လို့ ကြေညာပြီးတာနဲ့ မွန်ပြည်သစ် ပါတီအေဒီမှာ လက်နက်ကိုင်ဖို့ ဆက်သွယ်လာတာ တော်တော်များတယ်လို့ ကြားသိရတယ် ။ အခုလိုမျိုး ကနဦး ကတည်းက မွန်ပြည်သစ်ပါတီက ပြတ်ပြတ်သားသားတိုက်ခိုက်မယ်လို့ပြောခဲ့ရင် မွန်ပြည်နယ်က မွန်လူငယ်တွေ တော်လှန်ရေးမှာ များများပြားပြားပါဝင်လာနိုင်မှာပါ ”ဟု ဆိုသည်။
နှစ်ပေါင်း ၆၆ နှစ်ကြာသည်အထိ တော်လှန်ရေးသမိုင်းကြောင်းရှည်လျားပြီး ဂုဏ်သိက္ခာကြီးမားသည့် မွန်ပြည်သစ် ပါတီသည် NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် NCA လက်မှတ်ရေးထိုးခဲ့ပြီး လက်ရှိ အာဏာ သိမ်းကာလတွင်လည်း NCA လမ်းကြောင်းအတိုင်းဆက်သွားနေသည့်အပြင် စစ်ကောင်စီနှင့်ဆွေးနွေးမှုများပြုလုပ် ခဲ့သည်။
အာဏာသိမ်းစစ်ကောင်စီနှင့် ၃ ကြိမ်တိုင်တိုင်တွေ့ဆုံဆွေးနွေးခဲ့သော်လည်း မျှော်မှန်းထားသည့်ရလဒ်များ လုံးဝ မရရှိခဲ့သောကြောင့် မွန်ပြည်သစ်ပါတီ၏ အထွေထွေအတွင်းရေးမှူး နိုင်ဇေယျာ နှင့် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထော တို့ဦးဆောင်သည့် ခေါင်းဆောင်တချို့က စစ်အာဏာရှင်တိုက်ဖျက်ရေး မွန်ပြည်သစ်ပါတီအဖြစ်ခွဲ ထွက်ခဲ့သည်။
စစ်အာဏာရှင်တိုက်ဖျက်ရေး မွန်ပြည်သစ်ပါတီက စစ်ကောင်စီအားတိုက်ခိုက်သွားမည်ဟု ကြေညာခဲ့ပြီးနောက် ထိုင်း၊ မလေးရှားတို့အပါအဝင် ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေကြသည့် မွန်လူငယ်များပါ မွန်တော်လှန်ရေး အဖွဲ့များထံ ဝင်ရောက်လာကြသည်။
မလေးရှားတွင်အလုပ်လုပ်ကိုင်ခဲ့သည့် မွန်လူငယ် ၁ ဦးက “ပြည်သူလူထုကို မတရားလုပ်တာကိုကြည့်ပြီး သူများ နိုင်ငံမှာ အေးဆေးမနေနိုင်ဘူးလေ။ ကျွန်တော့်အနေနဲ့ကလည်း ငယ်ငယ်လေးကတည်းက စစ်ဘေးရှောင်ဆိုတော့ နောက်ထပ်မျိုးဆက်သစ်တွေ ကျွန်တော့်လိုမျိုးမဖြစ်ရဖို့အတွက် ကျွန်တော်လက်နက်ကိုင်ဖို့ ရွေးချယ်ရတာဖြစ် တယ်”ဟု ဆိုသည်။
အာဏာသိမ်းကာလအတွင်း မွန်ပြည်သစ်ပါတီက NCA လမ်းကြောင်းအတိုင်း ကျင့်သုံးနေခဲ့သော်လည်း စစ် အာဏာရှင်ကို လက်နက်ကိုင်တိုက်ပွဲဝင်နေကြသည့် မွန်ပြည်ကာကွယ်ရေးတပ် – MSDF၊ မွန်ပြည်တော်လှန်ရေး တပ် – MSRF၊ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးတပ်ဖွဲ့ – MSRO ၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် – MLA နှင့် ရေးဘီလူးတပ်ဖွဲ့များလည်းပေါ်ပေါက်လာခဲ့သည်။
တပ်ဖွဲ့ကိုဖွဲ့စည်းခဲ့သည်မှာ ၂ နှစ်ကျော်လာပြီး တိုက်ပွဲများနှင့် စစ်ရေးမစ်ရှင်များစွာ ဆောင်ရွက်ထားသည့် ရေး ဘီလူးတပ်ဖွဲ့ အနေဖြင့် စစ်ရေးလုပ်ဆောင်မှုများ ယခုနောက်ပိုင်း အင်အားပိုမိုကောင်းမွန်လာသည်ဟု ဆိုသည်။
”အသစ်ဝင်လာတဲ့ အင်အား ၁၅၀ ကို အခြေခံသင်တန်းတွေပေးနေပြီး လက်နက်တပ်ဆင်ရမယ့်အပိုင်းတွေကို သွား ပြီးတော့ တိုက်ပွဲဖော်ဆောင်မယ်။ အကောင်းဆုံးရဲဘော်တွေကို လုံးဝ စစ်ဘက်မှာ ခိုင်ခိုင်မာမာရပ်တည်နိုင်အောင် သွန်သင်ဆုံးမမယ်။ အကောင်းဆုံးဖြစ်အောင်လုပ်ပေးမယ်”ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။
ထို့ပြင် မွန်ပြည်ကာကွယ်ရေးတပ် – MSDF ကိုဆက်သွယ်လာသည့် လူငယ်အတော်များများရှိနေပြီး တပ်သားသစ် များအတွက် လမ်းပန်းဆက်သွယ်ရေး၊ ခရီးလမ်းကြောင်းလုံခြုံရေးများနှင့် စခန်းချတည်းခိုနေထိုင်ရေးများအတွက် စီစဥ်ပေးနေသည်ဟု MSDF ဥက္ကဋ္ဌ ဒေါက်တာသီရိမွန်ချမ်း က ပြောသည်။
စစ်ကောင်စီအား လက်နက်ကိုင်တိုက်ခိုက်သွားဖို့ ပြတ်ပြတ်သားသား ပြောဆိုလာသည့် စစ်အာဏာရှင်တိုက်ဖျက် ရေး မွန်ပြည်သစ်ပါတီကခေါင်းဆောင်များလည်း ဖေဖော်ဝါရီလ ၂၂ ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ မဟာမိတ်ဆက်ဆံရေးအဖွဲ့တာဝန်ခံ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုတွေ့ဆုံမှု၌ အာဏာရှင်စနစ်များအပြီးတိုင် တိုက်ဖျက်နိုင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက် ရေးတို့အတွက် ခိုင်မာသောမဟာမိတ်အဖြစ် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး စသည့်ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်ရေးအတွက် သဘောတူခဲ့ကြသည် ။
ထိုသို့ မွန်တော်လှန်ရေးတပ်ဖွဲ့အသီးသီး၏ တပ်သားသစ်များစုဆောင်းလက်ခံခြင်း၊ မဟာမိတ်တပ်များနှင့် ပူးပေါင်းဆောင်ရွက်လာခြင်းများကို အဟုန်ကောင်းကောင်းဖြင့် ပိုမိုလုပ်ဆောင်လာသည်ကို မွန်ပြည်သူများ အပါအဝင် မြန်မာပြည်သူအများစုက ကြိုဆိုအားပေးနေကြသည်။
ပုံစာ – မွန်ပြည်ကာကွယ်ရေးတပ် MSDFတပ်ဖွဲ့ဝင်များ။
Photo – MSDF
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3549
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7962