၂၀ ရာစုအတွင်း ဂျပန်တပ်များ၏ နန်ကင်းလူမျိုးသုဥ်းသတ်ဖြတ်မှု (သို့မဟုတ် ) The Rape of Nanking
*********************
သံလွင်ခက်
ဖေဖော်ဝါရီ ၂၅၊ ၂၀၂၄။
တရုတ် − ဂျပန်စစ်ပွဲအတွင်း ၁၉၃၇ ခုနှစ် ဒီဇင်ဘာလတွင် တရုတ်နိုင်ငံ၏ မြို့ တော်နန်ကင်းမြို့သည် ဂျပန်ဧကရာဇ်တပ်များလက်အောက်သို့ကျရောက်ခဲ့ရသည်။
ထိုအချိန်က တရုတ်နိုင်ငံကိုအုပ်ချုပ်နေခဲ့သော တရုတ်အစိုးရသည် ယန်ဇီမြစ်တလျှောက်ကုန်းတွင်းပိုင်းကိုထွက်ပြေးခဲ့ရပြီး ထိုမှတဆင့် ဟန်ကူးသို့ထွက် ပြေးသွားခဲ့သည်။ (ဟန်ကူးသည် ယနေ့ခေတ် ဟူဘေး ပြည်နယ်၏မြို့တော်ဖြစ်သော ဝူဟန်မြို့ဖြစ်ပေါ်လာရန် ပြန်လည်ပေါင်းစည်းထားသည့် မြို့ ၃ မြို့အနက်က ၁ မြို့ဖြစ် သည်။ စာရေးသူ)
နန်ကင်းမြို့ကို ဂျပန်တပ်များဝင်ရောက်ပြီးနောက် မြို့တွင်းရှိအရပ်သားနှင့်စစ်သားပေါင်း ၆၀၀,၀၀၀ အနက်က ၃၀၀,၀၀၀ ကို သတ်ဖြတ်ခဲ့သည်။
၆ ပတ်ကြာမြင့်ခဲ့သည့် နန်ကင်းမြို့တွင်း ဂျပန်တပ်များ၏ရက်စက်ကြမ်းကြုတ်မှုကို “The Rape of Nanking” ဟု ခေါ်ဆိုပြီး ဒုတိယကမ္ဘာစစ်အတွင်း ဥရောပ သို့မဟုတ် ပစိဖိတ်စစ်ပွဲများ၏အဆိုးရွားဆုံး ရက်စက်ကြမ်းကြုတ်မှုများကို ၎င်းအဖြစ်အပျက်များက ကိုယ်စားပြုလျက်ရှိနေသည်။
နန်ကင်းမြို့ကိုဂျပန်တို့ အမှန်တကယ်စစ်ရေးကျူးကျော်မှုမစတင်ခင် ၁၉၃၇ ခုနှစ် နွေရာသီတွင် ရှန်ဟိုင်းကို ဂျပန် တို့ ကျူးကျော်ခဲ့သည်။ ၎င်းတိုက်ပွဲတွင် တရုတ်ကို အလွယ်တကူကျူးကျော်နိုင်လိမ့်မည်မျှော်မှန်းထားသော ဂျပန် တပ်များအား တရုတ်တပ်များက အံ့အားသင့်ဖွယ် ပြင်းပြင်းထန်ထန်ခုခံနိုင်ခဲ့သည်။ တရုတ်နိုင်ငံကို ၃ လအတွင်း အောင်နိုင်လိမ့်မည်ဟုပင် ဂျပန်တပ်များက ကြွားလုံးထုတ်ခဲ့ကြသည်။
တရုတ်တပ်များ၏ခုခံမှုကြောင့် ဂျပန်တပ်များခန့်မှန်းထားသော အချိန်ဇယား ကမောက်ကမဖြစ်ခဲ့ရပြီး နွေရာသီ နှောင်းပိုင်းအထိ တိုက်ပွဲများဆက်လက်ပြင်းထန်ခဲ့သည်။ ထို့ကြောင့်လည်း ဂျပန်တပ်များက နန်ကင်းမြို့ကို အညှိုး ထားခဲ့ပြီး ၁ မြို့လုံးမီးလောင်တိုက်သွင်းပစ်မည်ဟူသောစိတ်က ဂျပန်တို့၏အာသာဆန္ဒကိုဖြေဖျောက်ပေးခဲ့လေသည်။
နိုဝင်ဘာလတွင် ရှန်ဟိုင်းမြို့ရှိတရုတ်တပ်များကို ဂျပန်တပ်များကအနိုင်ယူနိုင်ခဲ့ပြီးနောက် ဂျပန်စစ်သား ၅၀,၀၀၀ ကျော် နန်ကင်းမြို့ကို ချီတက်ခဲ့သည်။
ရှန်ဟိုင်းတပ်များနှင့်မတူညီသည်က နန်ကင်းရှိတရုတ်တပ်များသည် ဦးဆောင်မှုညံ့ဖျင်းပြီး ပျော့ညံ့သောစစ်သား များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ၎င်းတို့တွင် ဂျပန်များထက်သာလွန်သော လက်နက်ခဲယမ်းများရှိခဲ့သော် လည်း တကယ်တမ်းရင်ဆိုင်ရချိန်မှာတော့ နန်ကင်းရှိတရုတ်တပ်များ ဖရိုဖရဲဖြင့်ထွက်ပြေးခဲ့ကြသည်။
၄ ရက်ကြာတိုက်ပွဲအပြီး ၁၉၃၇ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်မှာတော့ ဂျပန်တပ်များ မြို့တွင်းဝင်ရောက်လာနိုင်ခဲ့ပြီး “သုံ့ပန်းများအားလုံးကိုသတ်ပစ်ရန်” အမိန့်ပေးခဲ့လေသည်။
ထို့နောက် လက်နက်ချခဲ့သောစစ်သုံ့ပန်းများကို နန်ကင်းမြို့ပြင်ရှိဝေးလံခေါင်သီသောအရပ်များသို့ ထရပ်ကားများ ဖြင့်ပို့ဆောင်ခဲ့ပြီးနောက် တရုတ်စစ်တပ်များကို ဖယ်ရှားရှင်းလင်းရေးစတင်ခဲ့တော့သည်။
ဂျပန်အထက်လူကြီးများ၏အားပေးမှုဖြင့် ရက်စက်မှုကြီးစတင်ခဲ့ပြီး ထိုစဥ်ကရိုက်ကူးထားသောဗီဒီယိုဖိုင်များနှင့် ဓာတ်ပုံများတွင် အသက်ရှင်နေသေးသောအကျဥ်းသားများကို လှံစွပ်ဖြင့်ထိုးခြင်း ၊ ခေါင်းဖြတ်ခြင်း နှင့် ဖြတ်ထား သောခေါင်းများကိုစီတန်း၍ ပြသခြင် စသည့်၊ တရုတ်တို့အပေါ်အောင်နိုင်မှုအတွက် ဂျပန်စစ်သားများဂုဏ်ယူနေပုံ ကို တွေ့မြင်နိုင်သည်။ အချို့သော တရုတ်စစ်သားများကို ဂျပန်စစ်သားများက အပိုင်းပိုင်းခုတ်ထစ်ပြီး အချို့ကို တော့ အရှင်လတ်လတ် ဓာတ်ဆီလောင်းပြီးမီးရှို့ခဲ့ကြသည်။ (ပြီးခဲ့သည့်ရက်ပိုင်းများတွင်လည်း ဘူးလက်လှဆွေ လက်အောက်ခံပျူစောထီးများက တော်လှန်ရေးရဲဘော် ၂ ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့သည့်ဗီဒီယိုဖိုင် လူမှု ကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည်။ ၎င်းဗီဒီယိုဖိုင်က စစ်ကောင်စီခေါင်းဆောင်းများနှင့် ပါဝင်ပတ်သက်နေသူ များအားလုံး နောင်တစ်ချိန်တွင် တရားစွဲဆိုနိုင်မည့်မှတ်တမ်းမှတ်ရာများဖြစ်သည်)
လက်နက်ချခဲ့သောစစ်သားများကို သတ်ဖြတ်ပြီးနောက်မှာတော့ နန်ကင်းမှာကျန်ရစ်ခဲ့သောအမျိုးသမီးအပေါ် ဂျပန်စစ်သားများ အာရုံစိုက်လာကြပြန် သည်။ ထို့နောက်မှာတော့ တရုတ်အမျိုးသမီးများကို ဂျပန်စစ်သားများ အမဲလိုက်ခဲ့ကြတော့သည်။
ဂျပန်စစ်သားများသည် အသက် ၇၀ ကျော်အမျိုးသမီးများ နှင့် အသက် ၈ နှစ်အောက်မိန်းကလေးများကို အဓမ္မပြုကျင့်ဖို့ဆွဲထုတ်ခဲ့ကြသည်။ အမျိုးသမီး ၂၀,၀၀၀ ကျော် ( အချို့ကလည်း ၈၀,၀၀၀ ကျော်ထက်များနိုင် သည်ဟုဆိုသည်) ကို ဂျပန်စစ်သားများ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့သည်။ မုဒိမ်းကျင့်ပြီးနောက်မှာတော့ လှံစွပ်များ ၊ ဓား များဖြင့်ခုတ်သတ်ခြင်း နှင့် သေနတ်များဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်းများဆောင်ရွက်ခဲ့ကြသော်လည်း ယနေ့အချိန်မှာတော့ ၎င်းဖြစ်ရပ်များအား သက်သေပြနိုင်ခြင်းမရှိတော့ပေ။
ကိုယ်ဝန်သည်များကိုလည်း ဂျပန်စစ်သားများကအလွတ်မပေးခဲ့ပေ။
၎င်းတို့ကိုလည်း ဂျပန်စစ်သားများက အကြိမ်ကြိမ်မုဒိမ်းကျင့်ခဲ့ပြီး ဗိုက်များဖောက်ထုတ်ကာ သန္ဓေသားများကို ဆွဲထုတ်ခဲ့ကြသည်။ ဂျပန်စစ်သားများ သည် တခါတရံမှာတော့ တရုတ်မိသားစုအိမ်များကိုဝင်ရောက်ကာ မိသားစုဝင်များအချင်းချင်းမုဒိမ်းကျင့်တာမျိုးပြုလုပ်ခိုင်းပြီး ၎င်းကိုပင် အားလုံးကဝိုင်းကြည့်စေခဲ့သည်။
နန်ကင်းမြို့တခွင်လုံးကို ဂျပန်စစ်သားများ စိတ်ထင်တိုင်းသောင်းကျန်းခဲ့ပြီး လူသတ်မှုများနေ့စဥ်ဖြစ်ပွားခဲ့သည်။
ဂျပန်များ နန်ကင်းမြို့တွင်းစတင်ဝင်ရောက်လာခဲ့သည့် ၁၉၃၇ ခုနှစ် ဒီဇင်ဘာလလယ်ကစ၍ ၁၉၃၈ ခုနှစ် ဖေဖော်ဝါရီလအစပိုင်းအထိ ၆ ပတ်ကြာကာလသည် နန်ကင်းအတွက်ငရဲဘုံဖြစ်ခဲ့ရပြီး နန်ကင်းမြို့ လမ်းမများ သည် တရုတ်တို့သွေးများဖြင့် ရဲရဲနီခဲ့ရပါသည်။
Ref: Historyplace
ဓာတ်ပုံ – www2gvsuedu
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3495
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7889