Saw Smith
ဖေဖော်ဝါရီ ၇ ၊ ၂၀၂၄ ။
ယောကာကွယ်ရေးတပ် YDF ရဲဘော်နှစ်ဦး အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခံရပြီးနောက် စခန်းသိမ်းတိုက်ပွဲများဆင်နွှဲခဲ့ရာ စစ်ကောင်စီတပ်နှင့်ပျူစောထီးတို့ထံမှ စစ်သုံ့ပန်း ဆယ်နှင့်ချီ ဖမ်းဆီးရမိခဲ့သည်ဟု စစ်ဆင်ရေးအတွင်းပါဝင်သည့် CDF- KKG တပ်ရင်း ၅ ဥက္ကဋ္ဌက ပြောသည်။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဘူးလတ်လှဆွေ၏ ပျူစောထီးရွာ မြောက်ခင်ရန်းရွာကို လွန်ခဲ့သည့် ၃လ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်တွင် ပူးပေါင်းတပ်များ စစ်ဆင်ရေးပြုလုပ်ခဲ့ရာ သတင်းပေါက်ကြားပြီး ပူးပေါင်းတပ်များဘက်မှ ထိခိုက်ကျဆုံးမှုများနှင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်။
မြောက်ခင်ရန်းရွာ စစ်ဆင်ရေးကို နံနက် ၆ နာရီခန့်တွင်စတင်ခဲ့ပြီး သတင်းကြိုတင်ရရှိခဲ့သော တစ်ဖက်တပ်များဘက်မှ အသားစီးယူ ပိတ်ဆို့ပစ်ခတ်မှုများကို ပူးပေါင်းတပ်များက အချိန်၂ နာရီနီးပါးအကြာ ခုခံပစ်ခတ်ဖောက်ထွက်ခဲ့ရသည်။
အဆိုပါတိုက်ပွဲအတွင်း ပူးပေါင်းတပ်ဘက်မှ ရဲဘော်၅ ဦး ကျဆုံးခဲ့ရကာ ရဲဘော်၅ ဦး ဒဏ်ရာရရှိခဲ့ပြီး လက်နက်၊ ခဲယမ်းများ ဆုံးရှုံးခဲ့ရသည်ဟု ယောကာကွယ်တပ်အပါအဝင် ပူးပေါင်းတပ်များက နိုဝင်ဘာလ ၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ထိုတိုက်ပွဲတွင် YDF ရဲဘော်နှစ်ဦးသည် ကျည်ကုန်ခဲ့ပြီး ရန်သူတပ်များ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသည်ဟု တိုက်ပွဲအတွင်းပါဝင်ခဲ့သည့် CDF-KKG တပ်ရင်း ၅ ဥက္ကဋ္ဌက ပြောသည်။
၎င်းက ” သူတို့က အဲမှာကျတော့ တိုက်ပွဲဖြစ်တဲ့အချိန်မှာ တစ်ယောက်ကကျတော့ ဒဏ်ရာရပြီး ကျန်တဲ့တာ ။ ကျန်ခဲ့တာကို ကာပစ်ပေးရင်း ကျည်ကုန်ပြီးတော့ သူကိုပါထိပြီးတော့ နှစ်ယောက်စလုံး အရှင်ပါသွားတာပါဗျ ။ အဲမှာလည်း ကျွန်တော်တို့ CDF ရဲဘော်တစ်ဦးပါကျခဲ့ပါတယ်” ဟု ပြောသည် ။
ဖမ်းဆီးခံလိုက်ရသည့် ရဲဘော် ဖိုးတေနှင့် ရဲဘော် သားထောင်တို့ မြောက်ခင်ရန်းရွာ Alliance Operation တွင် ကျဆုံးခဲ့ကြောင်းကိုယောကာကွယ်ရေးတပ် YDF က လွန်ခဲ့သည့် ၂ လကျော် ဇန်နဝါရီလ ၅ တွင် သတင်းထုတ်ပြန်ခဲ့ပြီး ရဲဘော်၂ ဦး ရက်ရက်စက်စက်သတ်ဖြတ်ခံရသည်ကို အစောပိုင်းကတည်းက ဗီဒီယိုသက်သေများနှင့်တကွ ပူးပေါင်းတပ်များက သိရှိနေခဲ့ကြသည် ။
” ကျွန်တော်တို့ သိရှိခဲ့တာက ကြာပါပြီးဗျ။ ပြည်သူတွေအနေနဲ့ရော ရဲဘော်တွေ အနေနဲ့ရော စိတ်ဓာတ်ကျ၊ ခံစားရမှာစိုးလို့ ဒီဟာက မဖြန့်ခဲ့တာပါဗျ “ဟု KKG တပ်ရင်း ၅ ဥက္ကဋ္ဌကပြောသည် ။
မြောက်ခင်ရန်းရွာ စစ်ဆင်ရေးမတိုင်မီကတည်းက အဆိုပါရွာကို ရိက္ခာဖြတ်တောက်ထားခြင်းနှင့် မြောက်ခင်ရန်းရွာ တိုက်ပွဲများပြီးနောက် ထိုရွာမှ ပျူစောထီးများအပါအဝင်ဒေသခံပြည်သူများမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များထံ လာရောက်ပူးပေါင်းမှုများဆက်တိုက်ရှိခဲ့ပြီး ၎င်းတို့ထံမှ ရဲဘော်နှစ်ဦးမီးရှို့ခံရသည့် ဗီဒီယိုကိုရရှိခဲ့ခြင်း ဖြစ်သည်ဟုYDF ရဲဘော်တစ်ဦးက ပြောသည် ။
ထိုဖြစ်စဥ်များပြီးနောက် ပူးပေါင်းတပ်များသည် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲများကို ဆက်တိုက်ဆင်နွှဲခဲ့ရာ စစ်သုံ့ပန်း ဆယ်နှင့်ချီဖမ်းဆီးရမိခဲ့သည်။
ပြီးခဲ့သော နိုဝင်ဘာလ တတိယအတွင်း၌ ထိုးစစ်ဆင်ခဲ့သော ကလေးမြို့နယ် တောင်ပိုင်း ရန်ကြီးအောင် စခန်းသိမ်းတိုက်ပွဲအတွင်းပင် စစ်ကောင်စီဘက်မှ ၁၇ ဦးကို စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းမိခဲ့သည်ဟု CDF-KKGက သတင်းထုတ်ပြန်ထားသည်။
” ရန်သူက ဒီလိုမျိုးလုပ်လို့ ကျွန်တော်တို့ လုပ်မယ်ဆိုရင် ကျွန်တော်တို့လည်း စစ်ကောင်စီနဲ့ မခြားဖြစ်သွားမှာပါ။ စခန်းသိမ်းတိုက်ပွဲတွေမှာ ဖမ်းဆီးရမိသူတွေကို ဂျနီဗာကွန်ဗန်ရှင်းကို ကျော်လွန်သော လုပ်ရပ်မျိုးကို ကျွန်တော်တို့မလုပ်ပါဘူး ။ ကျွန်တော်တို့က စစ်သုံ့ပန်းကို စစ်သုံ့ပန်းအလျောက်ဆက်ဆံ ပေးပါတယ် “ဟု KKG တပ်ရင်း၅ ဥက္ကဋ္ဌကပြောသည်။
YDF ရဲဘော်နှစ်ဦးကို မီးရှို့သတ်ပြီး အောင်ပွဲခံခဲ့သည့် ဗီဒီယိုဖိုင်များ ရိုက်ကူးဖြန့်ဝေခြင်းသည် စစ်ကောင်စီဘက် အမုန်းတရားများပြန့်ပွားစေရန် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခြင်းဖြစ်သည်ဟု စစ်ရေးလေ့လာစောင့်ကြည့်သူများက ပြောဆိုနေကြသည်။
ထိုကိစ္စကို စစ်ကောင်စီကျူးလွန်ခဲ့ရာ၌ မြောက်ခင်ရန်း ရွာရှိ ပြည်သူများကို တစ်အိမ်တစ်ယောက်ခေါ်ပြီး ကြည့်ခိုင်းခဲ့သည်ဟု ယောကာကွယ်ရေးတပ် YDF က ယနေ့တွင် ထုတ်ပြန်ထားသည် ။
” ဖြစ်စဉ်ကတော့ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာ (အကြမ်း၊ဖက် စစ်အုပ်စု အထိုင်ချထားတဲ့ ပျူစောထီးရွာ)၊ ရွာမြောက်အထွက်၊ ဆေးရုံရှေ့က ကုက္ကိုလ်ပင်မှာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်းခံခဲ့ရတယ်။
မသတ်ခင်မှာ အကြိမ်ကြိမ် ညှင်း၊ပန်း၊နှိပ်၊ စက်မှုများစွာကိုလည်း ပြုလုပ်ခဲ့ကြတယ်။ ရွာကလူတွေကို တစ်အိမ်တစ်ယောက် ခေါ်ပြီး အကြမ်းဖက်မှုတွေကို ကြည့်ခိုင်းခဲ့တယ် ” ဟု YDF ကထုတ်ပြန်သည် ။
စစ်အုပ်စုသည် ယခုကဲသို့ လူမဆန်သည့် အကြမ်းဖက်မှုများကို ယခင်နှစ်ပေါင်းများစွာကတည်းက ပြုလုပ်နေခဲ့ပြီး အဆိုပါ အကြမ်းဖက်လုပ်ရပ်များထပ်မရှိစေရန် စစ်အုပ်စုကို အပြီးသတ်ချေမှုန်း၍ တော်လှန်ရေး အမြန်အောင်မြင်မှ ဖြစ်မည်ဖြစ်ကြောင်း YDF ကဆိုသည်။
ထို့ကြောင့် ပြည်သူများအားလုံးလည်း သွေးမအေးဘဲ တော်လှန်ရေးအောင်မြင်သည်အထိ အရှိန်မြှင့်တင် ပူးပေါင်းပါဝင်သွားကြရန်နှင့် မြင့်မြတ်စွာ အသက်ပေး သွားသည့် YDF ရဲဘော်တို့ကို လေးစားသောအားဖြင့် ရဲဘော်များ၏ ပုံများကို အသုံးချပြီး ပုံမှားရိုက် အလှူခံခြင်းမျိုး အလွဲသုံးစားမလုပ်ကြရန် YDFက အထူးမေတ္တာရပ်ခံထားသည်။