စစ်ကောင်စီလေယာဥ် ပြေးလမ်းချော်ပြီး ၈ ဦးဒဏ်ရာရ
*******************************
သံလွင်ခက်
ဇန်နဝါရီ ၂၃ ၊ ၂၀၂၄ ။
အိန္ဒိယနိုင်ငံဘက်ထွက်ပြေးသွားသော တပ်ဖွဲ့ဝင်များကို သွားရောက်ခေါ်ဆောင်သည့် စစ်ကောင်စီလေယာဉ် ၁ စီး ပြေးလမ်းချော်ပြီး ၈ ဦးဒဏ်ရာရရှိခဲ့သည်ဟု အိန္ဒိယ Deccan Herald သတင်းဌာနကဖော်ပြသည်။
အဆိုပါ လေယာဉ်သည် ယနေ့ နံနက် ၁၀ နာရီခန့်တွင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့အနီးရှိ Lengpui လေဆိပ်သို့အဆင်းတွင် ပြေးလမ်းချော်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
လေယာဉ်တွင် လေယာဥ်အမှုထမ်းများအပါအဝင် လူဦးရေ ၁၄ ဦးပါဝင်ပြီး ၆ ဦးမှာဘေးကင်းခဲ့၍ ဒဏ်ရာရရှိသူ ၈ ဦးကို ဆေးရုံသို့ ချက်ချင်းပို့ဆောင်ခဲ့ရသည်ဟု ဖော်ပြထားသည်။
ချင်းပြည်နယ်၊ ပလက်၀မြို့နယ်တွင် ရက္ခိုင့်တပ်တော်နှင့်ဖြစ်ပွားသည့်တိုက်ပွဲအတွင်း ရှုံးနိမ့်ခဲ့သော စစ်ကောင်စီ အရာရှိ ၃၆ ဦးနှင့် တပ်သား ၂၄၀ ဦး သည် ဇန်နဝါရီလ ၁၇ ရက်က မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခဲ့သည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇၆ ဦးအနက် ၁၈၄ ဦးကို ယမန်နေ့က အိုက်ဇောမြို့အနီး Lengpui လေဆိပ်တွင် လာရောက်ခေါ်ဆောင်သွားပြီး ယနေ့ ဒုတိယအသုတ်လာရောက်ခေါ်ဆောင်စဉ် လေယာဥ်မှာ မတော်တဆမှုဖြစ် ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဓာတ်ပုံ – ANI
*****************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3122
YouTube – > https://youtu.be/cZ9bsHWX2EU
Website – > https://thanlwinkhet.net/?p=7218