ကော့ကရိတ်မြို့ကို စစ်ကောင်စီ နေ့ရောညပါဗုံးကြဲ
*************************
သံလွင်ခက်
ဒီဇင်ဘာ ၂၊ ၂၀၂၃ ။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အပါအဝင် ကော့ကရိတ်မြို့အနီးဝန်းကျင်ရှိကျေးရွာများကို စစ်ကောင်စီက နေ့ ရောညပါ လေကြောင်းကဗုံးကြဲနေသောကြောင့် ပြည်သူများထိခိုက်သေဆုံးမှုရှိနေပြီး နေအိမ်အဆောက်အအုံများ စွာပျက်စီးခဲ့သည်ဟု ဒေသခံများနှင့်ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ပြောကြားချက်ရ သိရသည်။
ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာများနှင့် မြို့အနီးဝန်းကျင်ရှိစစ်ကောင်စီတပ်စခန်းကို KNLA နှင့် PDF ပူးပေါင်းစစ်ကြောင်းများက ထိုးစစ်ဆင်တိုက်ခိုက်နေရာ ယမန်နေ့၌ တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ သည်။
စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားချိန်များတွင်သာမက တိုက်ပွဲမဖြစ်ပွားသည့် ညအချိန်များမှာပါ လေကြောင်းက ဗုံး ကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်ဟု ဒေသခံအမျိုးသမီး ၁ ဦးကပြောသည်။
” မနေ့က တိုက်ပွဲမဖြစ်ခင် ညမှာလည်း ဗုံးလာကြဲလို့ အမျိုးသမီး ၁ ဦးသေတယ်။ ညကလည်း လာကြဲလို့ မောင်းမ ရွာသစ်က အမျိုးသမီး ၁ ဦး ထပ်သေတယ် ” ဟု ၎င်းကပြောသည်။
ယမန်နေ့ညပိုင်းကဗုံးကြဲမှုကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့သည့် မောင်းမရွာသစ်သည် ကော့ကရိတ်မြို့နှင့် ၁ မိုင် ခန့်အကွာတွင်ရှိသည်ဟု အဆိုပါအမျိုးသမီးက ခန့်မှန်းပြောဆိုသည်။
ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်မှုများ မစတင်ခင် အချိန် ၂ ပတ် နီးပါးကြိုတင်၍ ဒေသခံများတိမ်းရှောင်ကြရန် ကာကွယ်ရေးတပ်ဖွဲ့စစ်ကြောင်းများက သတိပေးထားခဲ့သည်။ သို့သော် တကယ်တမ်းတိုက်ပွဲဖြစ်ချိန်မှာတော့ မြို့တွင်း၌ဒေသခံတချို့ကျန်ရှိနေဆဲဖြစ်ကာ ယမန်နေ့က ဖြစ်ပွာ ခဲ့ သည့်တိုက်ပွဲကြောင့် ကော့ကရိတ် – အာရှလမ်းပေါ်တွင် ကားအစီးရေရာချီ ပိတ်မိနေခဲ့သည်။
” သတင်းတွေကရပေမယ့် ဘယ်ဟာအမှန် ဘယ်ဟာအမှား ခွဲမရဖြစ်နေတဲ့အချိန် ၊ အလုပ်မလုပ်ဘဲ ထိုင်စားမရ တဲ့အခြေနေတွေကြောင့် ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာလုပ်နေရတဲ့ ကားသမားတွေပါဗျာ ။ ညောင်သီး လည်းစား လေးသံလည်းနားထောင်နေရတဲ့ ကားသမားဘဝတွေပါ “ဟု ကုန်ကား ၁ ကားတွင် စပယ်ယာလိုက်ပြီး ကူမောင်းလုပ်နေသည့် အမျိုးသား ၁ ဦးကပြောသည်။
ယမန်နေ့ တိုက်ပွဲကြောင့် နေ့တစ်ပိုင်းနီးပါးအကြာပိတ်မိနေခဲ့သော ကားတန်းများကြား ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း ကားသမားများပေးပို့သည့် မှတ်တမ်းဓာတ်ပုံအရ သိရသည်။
ကော့ကရိတ်မြို့တွင် ဒေသခံတချို့ ကြိုတင်ရှောင်တိမ်းကြသော်လည်း ယမန်နေ့ တိုက်ပွဲဖြစ်ပွားချိန်အထိ ဒေသခံ များကျန်ရှိနေသေးပြီး ယမန်နေ့ညပိုင်းတွင်ပင် ထပ်မံပြောင်းရွှေ့ခဲ့ကြသည်ဟု သိရသည်။
” အဖွားကြီးတွေ အိပ်ရာလိပ်လေးတွေပိုက်ပြီး ည ၉ နာရီလောက်ကြီးပြေးကြတာ “ဟု ကော့ကရိတ်မြို့ စစ်ဆင် ရေးအတွင်းရောက်ရှိနေသည့် PDF ရဲဘော် ၁ ဦးကပြောသည်။
စစ်ကောင်စီက စစ်ရေးပစ်မှတ်များသာမက အရပ်သားပစ်မှတ်များကိုပါ လက်နက်ကြီး၊ လေယာဥ်တို့ဖြင့် တိုက် ခိုက်နေသောကြောင့် လက်ရှိ ကော့ကရိတ်မြို့တိုက်ပွဲတွင်း၌ ပြည်သူ ၅ ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ယနေ့ နံနက်အစောပိုင်းတွင် စစ်ကောင်စီက ကော့ကရိတ်မြို့ကို ဗုံးကြဲမှုများလုပ်ပြုလုပ်ခဲ့ပြီး နေ့လည်ပိုင်းတွင်လည်း လေကြောင်းမှလာရောက်တိုက်ခိုက်မှုများရှိနေသည်ဟု ကာကွယ်ရေးရဲဘော်များနှင့်ဒေသခံများထံက ပြောသည် ။
ပုံစာ-ယမန်နေ့ ကော့ကရိတ်တိုက်ပွဲ၌ ကားများပိတ်မိနေမှုနှင့် မီးလောင်နေမှု ။
*******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2618
YouTube- > https://youtu.be/SpxIBpTYop8
Website – https://thanlwinkhet.net/?p=6479