ကရင်နီပြည် ” ၁၁.၁၁ စစ်ဆင်ရေး” ၃ရက်အတွင်းအရပ်သား ၂၄ ဦးသေဆုံး
*******************************
သံလွင်ခက်
နိုဝင်ဘာ ၁၄ ၊ ၂၀၂၃ ။
လက်နက်ကြီးထိမှန်မှု၊ စစ်ကောင်စီတပ်များ၏
ပစ်သတ်မှုနှင့် လေကြောင်းတိုက်မှုကြောင့် ယခုလ နိုဝင်ဘာ ၁၁ ရက်မှ ၁၃ ရက်ထိ ၃ရက်အတွင်း အရပ်သားပြည်သူ ၂၄ ဦးသေဆုံးခဲ့သည်ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့က ယနေ့နံနက်ပိုင်း၌ သတင်းထုတ်ပြန်သည် ။
ကရင်နီပြည် ဖယ်ခုံမြို့နယ်၊ မိုးဗြဲ နှင့် လွိုင်ကော်မြို့ရပ်ကွက်များအတွင်းစစ်ကောင်စီပစ်ခတ်သော လက်နက်ကြီးထိမှန်မှုကြောင့် သေဆုံးသူ ၂၀ ဦး ရှိလာပြီး အမျိုးသမီး ၄ ဦး၊ အမျိုးသား ၁၃ဦး ပါဝင်ကာ ကျန် ၃ ဦးမှာ အတိအကျ မသိရသေးသည့် အခြေအနေဖြစ်သည်ဟုဖော်ပြထားသည် ။
လက်နက်ကြီးထိမှန်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှု ၁၅ဦး ရှိပြီး အမျိုးသမီး ၄ဦး၊ အမျိုးသား ၂ဦး ကလေး ၁ဦးပါဝင်ပြီး ကျန်သူများမှာ အတိအကျ မသိရသေးသည့် အခြေအနေ ဖြစ်သည်ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဆိုသည်။
လက်နက်ကြီးထိမှန်မှုကြောင့် အရပ်သားပြည်သူ အများအပြား သေဆုံး၊ ဒဏ်ရာရရှိနေသည့်အပြင်
လေကြောင်းမှ ဗုံးကြဲမှုကြောင့် အမျိုးသား ၁ ဦး သေဆုံးပြီး အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်သတ်ခံရသောကြောင့် ပြည်သူ ၃ဦးရှိပြီး အလောင်းပြန်ကောက်၍ မရရှိသေးကြောင်း နှင့် တိုက်ပွဲအတွင်း ဖမ်းဆီး ခံရသောသူများရှိပြီး ဘုန်းတော်ကြီး တစ်ပါး အပါအဝင် အမျိုးသား ၁၁ ဦး အမျိုးသမီး ၄ ဦးခန့်လည်း ဖမ်းဆီး ထိန်းသိမ်းခံရကြောင်း သိရှိရသည်ဟု ဖော်ပြထားသည်။
အထက်ဖော်ပြပါစာရင်းများသည် ကရင်နီ လူ့အခွင့်အရေးအဖွဲ့မှ ရရှိသော မှတ်တမ်းပြုစုမှုသာ ဖြစ်ပြီး ထိခိုက်သေဆုံးမှုလည်း ရှိနိုင်သေးသည်ဟု ဆိုသည် ။
ကရင်နီပြည်တွင် လွိုင်ကော်မြို့အပါအဝင် စစ်ကောင်စီတပ်စခန်းများကို ကရင်နီတော်လှန်ရေးတပ်များက ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်နေသည့် “၁၁.၁၁ စစ်ဆင်ရေး ” ကို နိုဝင်ဘာလ ၁၁ ရက်တွင်စတင်ခဲ့ခြင်းဖြစ်ပြီး ယနေ့ စစဆင်ရေး ၄ရက်မြောက်နေ့တွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု ဒေသခံများထံမှ သိရသည် ။
***
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2427
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=6230