တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်တွင် စစ်ကောင်စီက ကုန်းလမ်းရေလမ်းပိတ်ထား
*********************
မိခိုင်
နိုဝင်ဘာ ၁၄၊၂၀၂၃။
ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် – AA တို့ တိုက်ပွဲများစတင်ဖြစ်ပွားနေပြီး ရန်ကုန် – စစ်တွေ ကားလမ်းမနှင့် ပြည်တွင်းရှိ အမြန်ရေယာဥ်များအား ယမန်နေ့တွင် စစ်ကောင်စီက သွားလာခွင့်ပိတ်လိုက်သည်ဟု သိရသည်။
စစ်တွေမှအထွက်ဖြစ်သည့် ကျောက်တန်းဂိတ်ကို စစ်ကောင်စီကပိတ်ထားသည့်အတွက် ကားများရပ်တန့်ထားရ ကြောင်း ကားသမား ၁ ဦးက ပြောသည်။
“လောလောဆယ် ရပ်ထားတယ်။ ရန်ကုန်ဘက်ကလာတဲ့ကားတွေကလည်း အမ်းဘက်မှာ ပိတ်ထားလို့မလာရ ဘူး။ စစ်တွေ ကျောက်တန်းဂိတ်လည်း ပိတ်တယ်။ တပ်ထိန်းဂိတ်ကလည်း ပိတ်ထားတယ်။ သူတို့ဖွင့်မှ သွားလို့ရမယ် “ဟု ၎င်းက ဆိုသည်။
ယင်းအပြင် အမ်း-စစ်တွေလမ်းပိုင်းနှင့် အမ်း-မအီလမ်းပိုင်းအား ပိတ်ထားသည့်အပြင် မြောက်ဦးဂိတ်ကိုလည်း စစ်ကောင်စီက ပိတ်ထားကြောင်း မြောက်ဦးဒေသခံ အမျိုးသမီး ၁ ဦးက ဆိုသည်။
” ကားလမ်းတွေကို အကုန်ပိတ်ထားတယ်။ ဒေသခံတွေက ကုန်စျေးနှုန်းဘက်ကို ပိုအာရုံစိုက်နေတယ်။ ကားလမ်း တွေပိတ်ရင် စျေးတက်လာလို့ကြောက်ကြတယ်။ ထွက်လမ်းဝင်လမ်း ပိတ်ထားတော့ စိုးရိမ်တာပေါ့ ” ဟု ၎င်းက ဆို သည်။
ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်းတလျှောက်အပြင် စစ်တွေ – ကျောက် ဖြူ – ရမ်းဗြဲ – ကျောက်နီမော် -တောင်ကုတ်၊ စစ်တွေ – ရသေ့တောင် – ဘူးသီးတောင်၊ စစ်တွေ – ပေါက်တော – မင်းပြား၊ စစ်တွေ – မြောက်ဦး စသည့် ရေလမ်းကြောင်းများကိုလည်း ပိတ်ထားသည်ဟု သိရသည်။
“ရေလမ်းကြောင်းကလည်း ပိတ်ထားတယ်။ ကျွန်တော် ပေါက်တောပြန်ဖို့ ဖြတ်ထားတဲ့ ရွှေပြည်တန် လက်မှတ်ခ လည်း ပြန်အမ်းတယ်။ အခု ထွက်လို့မရသေးဘူးပေါ့။ နောက်မှ စထွက်မယ့်နေ့ကို အကြောင်းပြန်မယ်လို့ ပြောပါ တယ်” ဟု ဆိုသည်။
စစ်တွေ- ရန်ကုန် အဝေးပြေးကားလမ်းမတလျှောက် အဖမ်းအဆီးများရှိနေပြီး ကုန်တင်ကားများလည်း ပိတ်မိနေကြောင်းသိရသည်။
ပုံစာ – စစ်တွေမြို့အဝင် ကျောက်တန်းစစ်ဆေးရေးဂိတ်။
ဓာတ်ပုံ – ရခိုင်တိုင်မ်း။
***
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2426
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=6226