ချိန်ခါလီ နယ်ခြားစောင့်တပ်စခန်း ထပ်မံသိမ်းပိုက်ခံရ
****************
မောင်ချေ
နိုဝင်ဘာ ၁၄၊၂၀၂၃။
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ ချိန်ခါလီ နယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင့်တပ်တော် AA က ယနေ့ နံနက် ၇ နာရီတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။
အဆိုပါ နယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင့်တပ်တော်က ၂ ရက်ကြာတိုက်ခိုက်ခဲ့ပြီးနောက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ် သည်ဟု AA သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
နိုဝင်ဘာ ၁၃ ရက် နေ့လယ် ၁၁ နာရီဝန်းကျင်တွင် ကျောက်တော်မြို့နယ် အပေါက်ဝရဲစခန်းကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ခဲ့ပြီး အပေါက်ဝရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင် ၃၀ ခန့် ရက္ခိုင့်တပ်တော် AA ထံ လက်နက်ချအလင်း ဝင်ရောက်ခဲ့သည်။
ထို့ပြင် ယမန်နေ့ နိုဝင်ဘာ ၁၃ ရက်တွင်လည်း ရသေ့တောင်၊ မောင်တောနှင့် မင်းပြား စသည့်မြို့နယ်များရှိ နေရာ ၅ နေရာတွင် ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းတို့အခြေစိုက်ရာစစ်စခန်များနှင့်စစ်သင်္ဘောများပေါ်ကနေ တိုက်ပွဲဖြစ်ပွားရာ နေရာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများလုပ်ဆောင်လျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။
ယမန်နေ့တွင် ကျောက်တော် ကန်စောက် ၅၃၉ တပ်ရင်းကပစ်ခတ်လိုက်သည့် လက်နက်ကြီးများသည် ကျောက် တော်မြို့နယ်၊ အပေါက်ဝကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။
ပေါက်ကွဲမှုကြောင့် အပေါက်ဝကျေးရွာက အသက် ၅၀ ကျော်အရွယ် အမျိုးသမီး ၁ ဦး၊ အမျိုးသား ၁ ဦးနှင့် အသက် ၄၀ အရွယ် အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး ဒေသခံ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မင်းပြား မြို့နယ် ဖေသာပြင်ကျေးရွာက ဒေသခံ ၁ ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့သည်။
တိုက်ပွဲစတင်ဖြစ်ပွားသည့် နိုဝင်ဘာ ၁၃ ရက်ကစတင်၍ ရခိုင်ပြည်နယ်အတွင်း အဓိကလမ်းမကြီးများအပါအဝင် ပြည်နယ်အတွင်း ဆက်သွယ်ထားသည့် ကုန်းလမ်းနှင့်ရေလမ်းအားလုံးနီးပါး ဖြတ်သန်းသွားလာခွင့်ကို စစ်ကောင် စီ က ပိတ်ပင်ထားသည်။
ပုံစာ – သိမ်းပိုက်ခံခဲ့ရသည့် စစ်ကောင်စီ ချိန်ခါလီ နယ်ခြားစောင့်တပ်စခန်း။
***
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2421
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=6219