ကရင်နီပြည် ၁၁.၁၁ စစ်ဆင်ရေး၌ စစ်ကောင်စီတပ်စခန်း ၇ ခုနှင့် လက်နက်မျိုးစုံ ၁၀၀ ခန့် သိမ်းဆည်းရရှိ ***************************
သံလွင်ခက်
နိုဝင်ဘာ ၁၁ ၊ ၂၀၂၃ ။
ကရင်ပြည်၌ ယနေ့ စတင်ခဲ့သည့် ၁၁.၁၁စစ်ဆင်ရေး (11.11 OPERATION) ပထမနေ့၌ စစ်ကောင်စီတပ်စခန်း ၇ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ် ၁၀၀ ခန့်နှင့် ခဲယမ်းများစွာ သိမ်းရရှိခဲ့သည်ဟု KNDF က သတင်းထုတ်ပြန်သည် ။
ကရင်နီပြည်နယ်၊ တော်လှန်ရေးတပ်ပေါင်းစုံအဖွဲ့များ ဖြစ်ကြသည့် KA ၊ KNDF ၊ KNPLF ၊ DMO PDF ၊ Loikaw PDF ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊ မြို့ပြပျောက်ကျားတပ် နှင့် ရှမ်းတောင် PDF တို့ အတူပါဝင်၍ နိုဝင်ဘာလ၊ (၁၁)ရက်၊ နံနက် ၅ နာရီတွင် ဒီးမောဆိုမြို့နယ်ရှိ နန်းမယ်ခုံမြို့ရှိ တပ်စခန်းများအပါအဝင် မိုးဗြဲမြို့နှင့် လွိုင်ကော်မြို့နယ် အတွင်းရှိ စစ်ကောင်စီတပ်စခန်းများအား ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည် ။
စစ်ကောင်စီ၏ တပ်များ နှစ်ကာလအတန်ကြာ တပ်စွဲအထိုင်ချထားသော ဝါရီဆူးပလိုင်၊ နန့်စံခန်း၊ ဘုရားဖြူ၊ ညောင်ဝိုင်း၊ ဝါရီကောခူ၊ ရေယို နှင့် ချိကယ် စသည့် ကျေးရွာဒေသများရှိ တပ်စခန်းများကို ယနေ့ နံနက် (၅) နာရီ အချိန်မှစ၍ တော်လှန်ရေးတပ်ပေါင်းစုံအဖွဲ့များမှ စစ်ကြောင်း (၃) ကြောင်းဖြင့် တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။
စစ်ကောင်စီ၏ တပ်စခန်းများအား တိုက်ခိုက်ရာတွင် ဒီးမော့ဆို ၊ လွိုင်ကော် နှင့် မိုးဗြဲ အခြေစိုက် စစ်ကောင်စီတပ်များမှ လက်နက်ကြီးများ အလွန်အကျွံ ပစ်ကူပေးခဲ့သလို လွိုင်ကော် နှင့် ဒီးမော့ဆိုမြို့နယ် အတွင်း တိုက်ပွဲများထဲသို့ တိုက်လေယာဥ်(၂)စီးဖြင့် အကြိမ် (၂၀) နီးပါး လာရောက် ပစ်ခတ်ခဲ့ပြီး တိုက်ခိုက်ရေးရဟတ်ယာဉ် ဖြင့်လည်း (၂)ကြိမ်ခန့် လာရောက်ပစ်ခတ်ခဲ့သည်။ စစ်ကောင်စီ၏ အမျိုးအမည်မသိ တိုက် လေယာဉ်(၁)စီးအား KNDF-B01 နှင့် KA တို့မှ ပွိုင့်ဖိုက်(.5)များဖြင့် တန်ပြန်ပစ်ခတ်နိုင်ခဲ့ကာ လေယာဉ်အတောင်ပံ နှင့် ကိုယ်ထည်ပိုင်းအား ကျည်ဆံထိမှန်ခဲ့ပြီး မီးခိုးအများအပြားထွက်ကာ ပြန်လှည့်ထွက်သွားခဲ့ပြီး စစ်မြေပြင်နှင့် အဝေးတစ်နေရာတွင် ပျက်ကျခဲ့ပါသည်။
အဆိုပါလေယာဉ်အတွင်း ပါဝင်သူ နှစ်ဦးအား နှစ်ဖက်တပ်များမှ လိုက်လံရှာဖွေနေဆဲ ဖြစ်သည်ဟု သိရသည်။ စစ်ကောင်စီ၏ တပ်စခန်းများအား တော်လှန်ရေးတပ်ပေါင်းစုံအဖွဲ့များက အပြီးပြတ် သိမ်းပိုက်နိုင်ခဲ့ရာတွင် စစ်ကောင်စီဖက်မှ ထိခိုက်သေဆုံးသူများပြားခဲ့သလို၊ စခန်းစွန့်ခွာ ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများလည်း အများအပြားရှိသည့်အပြင် ဖမ်းဆီးရရှိ ခြင်းများလည်း ရှိသည်ဟု KNDF က ထုတ်ပြန်ထားသည်။