ကောလင်းမြို့သိမ်းတိုက်ပွဲနှင့် နောက်ဆက်တွဲတိုက်ပွဲတို့၌ စစ်ကောင်စီတပ် ၁၃၀ ကျော်သေဆုံး၊ လက်နက်မျိုးစုံ ၁၂၀ ကျော်သိမ်းဆည်းရရှိ
*****************************
သံလွင်ခက်
နိုဝင်ဘာ ၁၀ ၊ ၂၀၂၃ ။
ကောလင်းမြို့သိမ်းတိုက်ပွဲနှင့် ကောလင်းမြို့သို့စစ်ကြောင်းထိုးရန်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့သည့် တိုက်ပွဲများအတွင်း၌ စစ်ကောင်စီတပ်မှ ၁၃၀ ကျော်သေဆုံးပြီး လက်နက်မျိုးစုံ ၁၂၀ ကျော်နှင့် ခဲယမ်းအမြောက်အများသိမ်းဆည်းရရှိခဲ့သည်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှ ကောလင်းမြို့ ဘက်သို့ စစ်ကြောင်းထိုးရန် ထွက်လာသည့် အင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းကို ယနေ့ နိုဝင်ဘာလ ၁၀ ရက်၊ နံနက် (၈:၄၀) နာရီတွင် ကာကွယ်ရေးပူပေါင်းတပ်များက ကန့်ဘလူ မြို့နယ်၊ အလယ်ခုံကျေးရွာ အနောက်မြောက်ဘက်၌ တိုက်ခိုက်ခဲ့ကြသည် ။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုဖြင့် ကန့်ဘလူခရိုင် အမှတ် (၂) တပ်ရင်း၊ ခရိုင် ပကဖ လှုပ်ရှားရေးအဖွဲ့နှင့် မြို့နယ်/နယ်မြေခံ ပကဖအဖွဲ့များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ရာ
စစ်ကောင်စီစစ်ကြောင်းမှ တပ်သား ၈၀ ဦးကျော်သေဆုံးခဲ့ပြီး ၂၀ ဦး ဝန်းကျင် ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည် ။
အဆိုပါ စစ်ကြောင်းထံမှ လက်နက်မျိုးစုံ ၅၉ လက်နှင့် ခဲယမ်းမီးကျောက်အမြောက်အမြား သိမ်းဆည်းရရှိ ခဲ့သည် ။ နိုဝင်ဘာလ ၃ ရက်မှ ၅ ရက်ထိ ကောလင်းမြို့ကို တိုက်ခိုက်သိမ်းခဲ့သည့်တိုက်ပွဲအတွင်း၌လည်း လက်နက်ကြီး၊လက်နက်ငယ် စုစုပေါင်း ၆၉ လက်၊ Jammer (၄) ခု၊ ခဲယမ်း၊ ကျည်အမြောက်အများနှင့် အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊အမှတ်၁ စစ်ဒေသက သတင်းထုတ်ပြန်ထားသည်။
အချိန် ၃ ရက်အကြာထိုးစစ်ဆင်ခဲ့သော ကောလင်းမြို့သိမ်းတိုက်ပွဲအတွင်း၌ စစ်ကောင်စီဘက်မှ ၅၀ ဦးခန့် သေဆုံးပြီး လက်နက်ချ အညံ့ခံသူ စစ်သုံ့ပန်း ၂၁ဦး ရှိခဲ့ကာ ကာကွယ်ရေးပူးပေါင်းတပ်များမှ ရဲဘော် ၃ ဦး ကျဆုံးခဲ့သည် ။