ရခိုင်တွင် စစ်ကျန်လက်နက်ကျည်စ ပေါက်ကွဲမှုကြောင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံး
****************
မိခိုင်
အောက်တိုဘာ ၉၊ ၂၀၂၃
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ် မီးရထားဘူတာစစ်ရှောင်စခန်းတွင် ယမန်နေ့ အောက်တိုဘာလ၈ရက် နံနက် ၁၁နာရီ၌ စစ်ကျန်လက်နက်စတစ်ခုပေါက်ကွဲပြီး ကလေးငယ် တစ်ဦးသေဆုံးကာ ၂ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။
လက်နက်ကြီး ကျည်စ တစ်ခုကို ဆော့ကစားရန် မီးရထားဘူတာအနီးမှ စစ်ဘေးရှောင်စခန်းအတွင်းသို့ ယူဆောင်လာစဥ် ပေါက်ကွဲပြီး သေဆုံးထိခိုက်သွားခြင်းဖြစ်သည်ဟု ရထားဘူတာ စခန်းကော်မတီဝင် ဦးဝင်းမောင်က ပြောသည်။
” သေသွားတဲ့ ကလေးက ယူလာတယ်လို့ ပြောတယ်။ အရင်ကရထားလမ်းဘေးက မီးတိုင်တွေ ပုံထားတာရှိတယ်။အခုက မီးတိုင်တွေ လုပ်ဖို့ ပြန်ယူသွားတော့ အဲဒီ လက်နက်ကြီးစက မြေထဲကနေ ပေါ်လာတာ ဖြစ်မယ်။ အဲဒီကနေစခန်းကို ယူလာပြီး ကျောက်မှာ ထုလိုက်တဲ့ အတွက် ပေါက်သွားတယ်။၃ ယောက်မှာ တစ်ယောက်က သေပြီး နောက်တစ်ယောက်က ဒဏ်ရာ ပြင်းတယ်။ ကျန်တယောက်က တော့ ထိသွားပေမယ့် မပြင်းဘူးပေါ့” ဟု ၎င်းကဆိုသည်။
အဆိုပါဖြစ်စဉ်တွင် အသက် ၁၀နှစ်အရွယ် မောင်နေတိုးဟိန်း သေဆုံးခဲ့သည်။ အခြားထိခိုက်မှုများအနေဖြင့်အသက် ၈ နှစ်အရွယ် မောင်မျိုးဇော်လင်းမှာ ယောကျာ်းလိင်အင်္ဂါအနည်းငယ်ပြတ်ထွက်ပြီး အသက် ၆ နှစ်အရွယ်မောင်မျိုးချစ်ဦးတွင် ပေါင်၊ ပါး နှင့် ၀မ်းဗိုက်တို့တွင် ကျည်စများ ထိမှန်ခြင်းများရှိခဲ့သည်။
အခင်းဖြစ်ရာတွင်ပင် သေဆုံးခဲ့ရသည့် မောင်နေတိုးဟိန်းအား ယင်းနေ့တွင်ပင် သဂြိုလ်လိုက်သည်ဟု ဒေသခံသတင်းရင်းမြစ်ကဆိုသည်။
မောင်မျိုးဇော်လင်းမှာ ဒဏ်ရာပြင်းထန်သည့်အတွက် စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်ကုသနေရပြီး မောင်မျိုးချစ်ဦးအား ယိုးတရုတ်ဆေးရုံးတွင် ဆေးကုသမူ ခံယူနေကြောင်း သိရသည်။
“ကျနော်တို့လည်း ဆေးစရိတ်များရင် မတတ်နိုင်ဘူးလေ။ အခုကတော့ ဆေးရုံမှာ ဘယ်နှစ်ရက်နေရမယ် ဆိုတာမျိုးလည်းမသိသေးတော့ အကူညီရရင် ကောင်းပါမယ်။ စစ်ရှောင်စခန်းမှာ နေထိုင်ရတာဖြစ်တဲ့အတွက်အလုပ်အကိုင်ကလည်း အတည်တကျမရှိတော့ ငွေကြေးက အခက်အခဲရှိတယ် “ဟု မောင်မျိုးချစ်ဦး ဖခင်ဖြစ်သူဦးဇော်ချေက ပြောသည်။
ယခုကဲ့သို့ ပေါက်ကွဲမှုအပေါ်တွင် စခန်းရှိ စစ်ရှောင်များအနေဖြင့် စိုးရိမ်မှုများ ရှိနေကြောင်း ယင်းစခန်းမှ စစ်ရှောင်တစ်ဦးက ဆိုသည်။
” ဘယ်နေရာတွေမှာ ကျန်နေသေးလေ။ အဲဒီကလေးတွေက လက်နက်ကို ဘယ်က ယူလာတာလဲ ဆိုတာမျိုးအတိအကျ မသိသေးဘူး။ နောက်တစ်ခုက စခန်းဘယ်နေရာတွေမှာ ထပ်ရှိသေးလဲ အတိအကျ မသိတော့ စိုးရိမ်မှုက များနေတယ်။ ” ဟု ၎င်းက ဆိုသည်။
မီးရထားဘူတာ စစ်ဘေးရှောင် စခန်းတွင် စစ်ဘေးရှောင် ဦးရေ ၂၀၀ ကျော်ခန့် အိမ်ခြေ ၆၀ ခန့်ရှိကြောင်း သိရသည်။
စစ်ဘေးရှောင်အများစုမှာ ပုဏ္ဏားကျွန်းမြို့နယ်မှဖြစ်ပြီး ချင်းပြည်နယ်၊ ပလက်၀မြို့နယ်နှင့် ကျောက်တော် စစ်ဘေးရှောင်များပါခိုလှုံနေရသည်။
ရခိုင်ပြည်နယ်တွင် စစ်တပ်နှင့် AA တို့ အပစ်အခတ် ရပ်စဲထားသော်လည်း တိုက်ပွဲ ပြန်လည် ဖြစ်ပွားမည်ကိုစိုးရိမ်သည့်အတွက် နေရပ် မပြန်နိုင်သည့် စစ်ဘေးရှောင်ဦးရေ ခြောက်သောင်းကျော်ထိ ကျန်ရှိနေသေးသည်။
ပုံ -PNG Development Youth Organization(PDYO)
**************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2117
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.net/?p=5815