သံလွင်ခက်။
စက်တင်ဘာ ၁၊ ၂၀၂၃။
နှစ်စဉ်ကျင်းပလေ့ရှိသည့် ကရင်ရိုးရာလက်ချည်ပွဲကို ဩဂုတ်လ ၃၁ ရက်က ထိုင်း – မြန်မာနယ်စပ်၊ ကရင်ပြည်နယ်ရှိ ပလောတပို့ စစ်ဘေးရှောင်စခန်းတွင် ပြုလုပ်ခဲ့သည်။
၂၀၂၁ခုနှစ် ဒီဇင်ဘာလအတွင်း ကရင်ပြည်နယ်၊ မြဝတီမြို့အနီး လေးကေ့ကော်ဒေသတွင်ဖြစ်ပွားခဲ့သည့် ကရင်တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲများကြောင့် နေရပ်စွန့်ခွာလာရသည့် ကရင်တိုင်းရင်းသားများက ရိုးရာလက်ချည်ပွဲကို စစ်ဘေးရှောင်စခန်းတွင် ယခုလို ကျင်းပခဲ့ခြင်းဖြစ်သည်။
ပလောတပို့ စစ်ဘေးရှောင်စခန်းတွင် ကရင်ရိုးရာလက်ချည်ပွဲသာမက စစ်ရှောင်စခန်းက ကလေးငယ်များ၏ အကအလှဖျော်ဖြေမှုများ၊ ချောတိုင်တက်ပြိုင်ပွဲများ၊ ကျွေးမွေးဧည်ခံရေးအစီအစဉ်များပါ ပါဝင်သည်။
စစ်ရှောင်စခန်းကဒေသခံများနှင့် လူငယ်များ၏စုပေါင်းအားဖြင့် အတူတကွပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်ဟုလေးကေ့ကော်လူငယ်အဖွဲ့ဝင် စောဒိုက ပြောသည်။
“ကျွန်တော်တို့လူငယ်တွေ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့်သော်လည်းကောင်း ပြီးတော့ ဒီမှာရှိတဲ့ စစ်ရှောင်မိသားစုတွေ ပူးပေါင်းဆောင်ရွက်ပြီးတော့ အတူတကွနဲ့ ဒီလိုမျိုးအကောင်ထည်ဖော်နိုင်တာပါ။ ပြီးတော့ ဝိုင်းဝန်းပံ့ပိုးပေးတဲ့လူကြီးတွေလည်းရှိတယ် “ဟု ပြောသည်။
အဆိုပါ လက်ချည်ပွဲအခမ်းအနားကို စစ်ရှောင်စခန်းကဒေသခံများအပြင် အနီးအနားဝန်းကျင်ရှိ ကျေးရွာများကဒေသခံများလည်းတက်ရောက်ခဲ့ကြပြီး ကရင်တိုင်းရင်းသားများသာမက အခြားတိုင်းရင်းသားများပါ ပါဝင်ဆင်နွှဲခဲ့ ကြသည်။
ကရင်ရိုးရာလက်ချည်ပွဲကျင်းပခြင်းအားဖြင့် တိုင်းရင်းသားအချင်းချင်းကြား စည်းလုံးညီညွတ်မှုကို ပိုမိုဖြစ်ပေါ်စေသည်ဟု လက်ချည်ပွဲအခမ်းအနားသို့တက်ရောက်လာသူ ဒေါ်သဇင်မိုး က သံလွင်ခက်သတင်းဌာနကိုပြောသည်။
” လာခဲ့ရတဲ့အကြောင်းရင်းကတော့ နောက်မျိုးဆက်တွေလည်း ကရင်ရိုးရာလက်ချည်ပွဲကို မြင်ဖူးတွေ့ဖူးအောင်ပြီးရင် ဗဟုသုတလည်းရအောင်၊ ပြီးရင် ရိုးရာလက်ချည်ပွဲကျင်းပခြင်းအားဖြင့် တိုင်းရင်းသားတွေလည်း စည်းစည်း လုံးလုံး၊ ညီညီညွတ်ညွတ်ဖြစ်စေတယ်။ အဝေးကိုရောက်နေတဲ့အမျိုးတွေလည်း ပြန်ပြီးတွေ့ရတယ်၊ ပျော်ရွင်ရတာ ပေါ့ ” ဟု ဆိုသည်။
နှစ်စဉ် ဝါခေါင်လရောက်လျှင် ကရင်တိုင်းရင်းသားအများစုနေထိုင်သည့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း စသည့် မြန်မာနိုင်ငံတွင်းနေရာများ၌သာမက ထိုင်းနိုင်ငံရှိ နေရာတချို့တွင်လည်း ကရင်ရိုးရာလက်ချည်ပွဲကို ပြုလုပ်လေ့ရှိကြသည်။
လက်ချည်ပွဲတွင် ယောက်မ၊ ကြံပင်၊ ငှက်ပျောသီး၊ ထမင်းဆုပ်၊ နတ်ပန်းဖြူ၊ ကောက်ညှင်း၊ ရေစင် စသည့်ပစ္စည်းများ ပါဝင်သည်။
လက်ချည်ခြင်းအားဖြင့် ကျန်းမာခြင်း၊ မိတ်သဟာယပေါများခြင်း၊ ဉာဏ်ပညာထူးချွန်ခြင်း၊ ပစ္စည်းဥစ္စာပေါများခြင်းအပြင် ဘေးအန္တရာယ်ပါကင်းဝေးစေသည်ဟု ကရင်တိုင်းရင်းသားများကယုံကြည်ကြသည်။
ကရင်ရိုးရာလက်ချည်ပွဲကို ကွဲကွာနေသည့်ကရင်လူမျိုး၊ ဆွေမျိုးသားချင်းများ ပြန်လည်ဆုံတွေ့နိုင်ရန်၊ ကရင်လူမျိုးများ၏ စာပေ၊ အနုပညာ၊ စကား၊ ဝတ်စားဆင်ယင်မှုနှင့် ရိုးရာဓလေ့များ မပျောက်ကွယ်စေရန်စသည့်ရည်ရွယ်ချက်များဖြင့် ပြုလုပ်ကြခြင်းဖြစ်သည် ဟု ဆိုသည်။
ဝါခေါင်လရောက်တိုင်းကျင်းပလေ့ရှိသည့် ကရင်ရိုးရာလက်ချည်ပွဲကို ကိုယ်ပိုင်အိမ်၊ ဘုန်းကြီးကျောင်းနှင့် ခန်းမများတွင် အခမ်းအနားတစ်ရပ်အဖြစ် ကျင်းပလေ့ရှိသော်လည်း လွန်ခဲ့သည့် ၂ နှစ်နီးပါးက နေရပ်စွန့်ခွာလာရသည့်လေးကေ့ကော်ဒေသခံ ၁ ထောင်ဝန်းကျင်ကတော့ ယခုနှစ်ကျရောက်သော ကရင်ရိုးရာလက်ချည်ပွဲကို စစ်ရှောင်စခန်းတွင် အခက်အခဲများကြားက ကျင်းပခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ – သံလွင်ခက်
**************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1902
YouTube- > https://youtu.be/sCgktZzn2lw
Website -> https://thanlwinkhet.net/?p=5474