ပဲခူတိုင်း၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်သည် ယနေ့ ဩဂုတ် ၁၂ ရက်တစ်ရက်တည်း လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကြဲတိုက်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ယနေ့ နံနက် ၉ နာရီနှင့် နေ့လည် ၂ နာရီဝန်းကျင်အချိန်များတွင် စစ်ကောင်စီတပ်က ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းကျေးရွာအုပ်စုဘက်သို့ လေကြာင်းဖြင့် ၂ ကြိမ် တိုင်တိုင် လာရောက်တိုက်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
၎င်းက ” မနက်ထဲက တိုက်လေယာဉ် ၂စီးနဲ့ ဗုံးကြဲလက်နက်ကြီးတွေနဲ့ ပစ်ချနေတာ။ ကြားထဲ ခဏ ရပ်သွားတယ်။ ပြီးတော့ နေ့လည် ၂ နာရီဝန်းကျင်မှာ နောက်တစ်ကြိမ် ထပ်ပြီးလာပစ်တာ ” ဟုဆိုသည်။
စစ်ကောင်စီတပ်၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိခိုက်ပျက်စီးမှုအခြေအနေများကို ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ်လ ၉ ရက်နေ့တွင်လည်း ကျောက်တံခါးမြို့နယ် ကျွဲတလင်းကျေးရွာနှင့် သမင်အင်းကုန်းကျေးရွာကြားတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းစစ်ကြောင်းနှင့် စစ်ကောင်စီကြားတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၃၀ ခန့် သေဆုံးခဲ့ကာ စက်လက် ငါးကြင်းမြှီးအပါအဝင် လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
လေကြောင်းတိုက်ခိုက်မှုအပြင် ပိန်းဇလုတ်အခြေစိုက် စစ်ကောင်စီ ခမရ ၂၆၄ တပ် ၊ ကျောက်တံခါးမြို့နှင့် သူဌေးကုန်းတို့တွင်တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲဖြစ်ပွားနေသည့် သမင်အင်းကုန်းကျေးရွာအုပ်စုများဘက်သို့ နေ့စဉ်လက်နက်ကြီးများဖြင့် ပစ်ကူမှုများ လုပ်ဆောင်နေသည်ဟု ဒေသခံများထံကသိရသည်။
စစ်ကောင်စီတပ်၏ နေ့စဉ်လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျောက်တံခါးမြို့နယ်အတွင်းရှိ သမင်အင်းကုန်း၊ ကျွဲတလင်း၊ လေးအိမ်စု၊ ခိုလို၊ ဘုရားငုတ္တို၊စဉ့်အိုးလှ၊ နံဇ၊တလိုင်းခင်၊ ဖိုးတ၊ချောင်းဝ၊တောင်ခင်၊နွားရေချောင်းစသည့် ကျေးရွာ ၁၀ ရွာကျော်မှ လူဦးရေ ထောင်ချီ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။
ထို့ပြင် တိုက်ပွဲများပြင်းထန်နေသည့် ပဲခူးတိုင်း ၊ ကျောက်တံခါးမြို့နယ်အတွင်းကို စစ်ကောင်စီက ဩဂုတ်လ ၇ ရက် နေ့လယ်ပိုင်းအချိန်ကစပြီး အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည်။
ပုံစာ – စစ်ကောင်စီတိုက်ခိုက်ရေး လေယာဉ်တစ်စီးမြင်ကွင်း။
****************************************************************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram -> https://t.me/newstlk/1771
YouTube -> https://youtu.be/ezoJaGZ8F7I
Website -> https://thanlwinkhet.net/?p=5258
Website -> https://eng.thanlwinkhet.net