နန်းဆုပန်ခန့်
သြဂုတ် ၁၁ ၊ ၂၀၂၃ ။
မြဝတီမြို့အနီး လက်ခတ်တောင်ခြေတစ်ဝိုက်တွင် တိုက်ပွဲများပြင်းထန်ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်မှတပ်ကြပ်တစ်ဦးနှင့် တပ်သားတစ်ဦးတို့ လက်နက်ချအလင်းဝင်လာသည်ကို ယမန်နေ့၌ ကော်ဘရာစစ်ကြောင်းကဖော်ပြသည်။
စစ်ကောင်စီတပ်၏ တပ်မ–၄၄ လက်အောက်ခံ ခမရ–၁၁၈ မှ ဒု–တပ်ကြပ် ဇော်မျိုးခိုင် ၃၆ နှစ် နှင့် တပ်သား အောင်မျိုးဇော် ၂၃ နှစ် တို့နှစ်ဦးသည် KNLA – ပူးပေါင်းတပ်ဖွဲ့ထံသို့ 60mm ကွန်မန်ဒို စိန်ပြောင်း (၁) လက်၊ 60mm ကျည် (၅) လုံး၊ MA-2 (၁) လက်၊ ကျည်ဘောက် (၅) ဘောက် နှင့် MA-2 ကျည် (၁၅၀) တောင့်တို့ဖြင့် ပူးပေါင်းလာခဲ့ရာ ဗိုလ်ဒါဘောက ထိုင်းဘတ်ငွေတစ်သိန်း (ကျပ်သိန်း ၁၀၀ ခန့်) ချီးမြှင့်ခဲ့သည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသည် ပြီးခဲ့သည့်ရက်ပိုင်း သြဂုတ်လ ၈ ရက်တွင် လက်နက်ချအလင်းဝင်လာခြင်းဖြစ်ပြီး ထိုနေမတိုင်မီ သြဂုတ်လ ၇ ရက်၌ လက်ခတ်တောင်အနီးတစ်ဝိုက်နေရာ ၅ခုထက်မနည်းတွင်တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု မြဝတီမြို့ခံများကပြောသည် ။
ထို့နေတိုက်ပွဲများအတွင်း၌ စစ်ကောင်စီနှင့်BGFတပ်တို့မှ ထိခိုက်မှုများပြီး ကားသုံးစီးဖြင့် သင်္ဃန်းညီနောင်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု ယခင်ကလူမှုကူညီရေးဆောင်ရွက်နေခဲ့သည့် မြဝတီမြို့ခံ အမျိုးသားတစ်ဦးကပြောသည်။
” ဂူတစ်ထောင်ရယ်၊ မေတ္တာလင်းမြိုင်ရယ်၊ လက်ခတ်တောင်ရယ် အဲ့ကိုဝိုင်းပိတ်တာ။ ဂူတစ်ထောင်ဆိုတာ တုံးတံတားပေါ့ ။ တုံးတံတား ဇရစ်ချောင်းကနေပြီးတော့ အစပ်ထိပေါ့ ။ ထင်းရှူးတောင် (မချောလေးကုန်း) ၊လက်ခတ်တောင်၊ နဂါးမင်းတောင်၊ မေတ္တာလင်းမြိုင်ဧရိယာ ပတ်လည်အကုန်ချတာ။လက်နက်ကြီးတွေနဲ့တစ်နေကုန်ကိုပစ်နေတာ “ဟု ၎င်းက သြဂုတ်လ ၇တွင် မြဝတီမြို့အနီး၌ ဖြစ်ပွားခဲ့သည့်တိုက်ပွဲအခြေအနေကိုပြောသည် ။
ထို့နောက် သြဂုတ် ၈ ရက်တွင်းလည်း BGF – နယ်ခြားစောင့်တပ်ဘက်မှ အင်အား ၂၀၀ ခန့်စစ်ကြောင်းထိုးလာသောကြောင့် ထိတွေ့တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး BGF တပ်များထိခိုက်မှုများခဲ့သည်ဟု မြေပြင်ရဲဘော်တစ်ဦးကပြောသည်။
” ဗိုလ်ချစ်သူသား ကျသွားတာ ဟုတ်လားမဟုတ်လားတော့ အတည်ပြုလို့မရဘူး။ ဒါပေမယ့် ကော်ဘရာနဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်တဲ့အချိန်ထိုင်တော်မူနားကတိုက်ပွဲ မှာတော့ BGF ၁၀ ယောက်လောက် အတုန်း အရုန်း သေသွားတယ်၊အဲ့ဒါတော့ သတင်း အတိအကျ ထုတ်ပြန်နိုင်တယ်။” ဟု ၎င်းက သံလွင်ခက်သတင်းဌာနကိုပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်တွင် လက်ခတ်တောင် တောင်ကြောတစ်ခုလုံးကို KNLA နှင့်PDF ပူးပေါင်းစစ်ကြောင်းများက သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီနှင့် BGF တပ်တို့က စစ်ကြောင်းများပြန်ထိုးလာ၍ ထိတွေ့တိုက်ပွဲများမကြာခဏဖြစ်ပွားနေသည်။
လက်ခတ်တောင်အနီးတွင် နယ်မြေလုံခြုံရေးယူထားသော တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ကျားသစ်နက်၊ Federal Wings၊ ရောင်နီ တို့ နှင့် စစ်ကောင်စီ၏ တပ်မ(၄၄) လက်အောက်ခံ ခမရ(၁၁၈)၊ လ(၈)၊မ(၉)၊ မ(၂)တို့ သြဂုတ်လ ၃ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ အရာရှိ ၁ဦး အပါအဝင် ၄ ဦးဒဏ်ရာရရှိခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသည်။
ထို့ပြင် ဇူလိုင်လနောက်ဆုံးအပတ်တွင်း၌လည်း စစ်ကောင်စီ၏ တပ်မ(၄၄) လက်အောက်ခံများဖြစ်သည့်ခမရ(၁၁၈)၊ လ(၈)၊ မ(၉)၊ မ(၂) တို့သည် လက်နက်ကြီးပစ်ကူများဖြင့် လက်ခတ်တောင်အနီးသို့ စစ်ကြောင်းထိုးကြိုးစားခဲ့ရာ နှစ်ရက်ဆက်ပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ပွဲများအတွင်း၌လည်း စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံး၍ ၁၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။
လက်ခတ်တောင်ကို ပြန်ရရန် စစ်ကောင်စီနှင့် BGF တပ်များက အင်အားအများအပြားဖြင့် စစ်ကြောင်းထပ်မံထိုးရန်ပြင်ဆင်နေပြီး လေကြောင်းပစ်ကူများလည်းခေါ်ထားသည်ဟုGBF များ နှင့်နီးစပ်သည့် မြဝတီမြို့ခံ သက်ကြီးပိုင်းအမျိုးသားတစ်ဦးကပြောသည်။
” အခုက တိုက်ပွဲပြန်ငြိမ်နေတယ် ။ လက်နက်ခဲယမ်းတွေပြန်စုနေတာပေါ့ ။ သူတို့ ( စစ်ကောင်စီတပ်နှင့်BGF) အလုံးအရင်းနဲ့ ပြန်တက်ဖို့ရှိတယ်။ လေကြောင်းပစ်ကူတွေလည်း သုံး၊လေးစီးလောက်ခေါ်ထားတယ်လို့ သိရတယ်။ အခုက ရာသီဥတုမကောင်းတော့ ပြန်ငြိမ်နေတာလည်း ပါတယ် ” ဟု ၎င်းကပြောသည်။
ထိုင်း–ကရင်နယ်စပ် မြဝတီမြို့အနီးရှိ လက်ခတ်တောင်သည် မြဝတီမြို့၏ခံစစ်သဖွယ် စစ်ရေးအရအရေးပါသည့်နေရာတစ်ခုဖြစ်ပြီး တောင်ကြောတစ်ခုလုံးကို သိမ်းပိုက်နိုင်ရန် ဆယ်ရက်ကျော်အကြာ စစ်ဆင်ရေးဖော်ဆောင်ခဲ့ရသည်ဟု ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက သံလွင်ခက်ကိုပြောဆိုထားသည်။
စစ်ရေးအရအရေးပါသည့် လက်ခတ်တောင်စခန်းကိုပြန်ရရန် စစ်ကောင်စီသည် ပြီးခဲ့သည့် ဇူလိုင်လ ၂၄ရက်ကတည်းက လက်နက်အင်အား တပ်အင်းအားဖြည့်တင်းကာ လက်ခတ်တောင်စခန်းသို့ ရောက်ရှိရန် ကြိုးစားခဲ့ကြပေမည့် KNLA- ပူးပေါင်းတပ်ဖွဲ့များ၏ စောင့်ကြို ပစ်ခတ်မှုကြောင့် အရာရှိ အပါအဝင် ထိခိုက်ကျဆုံးမှုရှိခဲ့ပြီး တပ်ပြန်ဆုတ်နေရကြောင်း နှင့်စစ်ကောင်စီတပ်မှ လက်ခတ်တောင် စခန်းပြန်လည်ရရှိရေးအတွက် နေ့စဥ်နှင့်အမျှကြိုးစားနေကြသလို လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေကြောင်း ကေအဲန်ယူတပ်မဟာ၆ ဒူးပလယာခရိုင်က ယမန်နေ့၌ သတင်းထုတ် ပြန်ထားသည်။
******************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1746
YouTube- > https://youtu.be/Pbe2cix7VKg
Website -> https://thanlwinkhet.net/?p=5219
Website ->https://eng.thanlwinkhet.net