သဇင်
ဇွန် ၆၊၂၀၂၃။
မန္တလေးတိုင်း ၊ အမရပူရမြို့နယ်၊ မရမ်းခြံရွာတွင် အလုပ်လက်မဲ့ဖြစ်နေသည့် အမျိုးသမီးများအား လက်မှုပညာပန်းထိုးပညာရပ် သင်ကြားပေးနေသည်ဟု ဦးဆောင်သူများထံက သိရသည်။
၂၀၂၀ခုနှစ် ကိုဗစ်ကာလတွင် လုပ်ငန်းများရပ်နားခံရသူ အမျိုးသမီးများကို ပန်းထိုးသင်တန်းပို့ချကာ စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် စတင်ခဲ့သည် ဟု ပန်းထိုးလုပ်ငန်းဦးဆောင်သူ မယ်ရွှေဘုတ်ကပြောသည်။
“ကိုဗစ်ဖြစ်တော့ ကျွန်မတို့ဘက်က အမျိုးသမီးတော်တော်များများ အလုပ်တွေရပ်နားလိုက်ရတော့ အဆင်မပြေဖြစ်ကြတာများတာပေါ့နော်။ အဲ့ဒါနဲ့ပဲတပိုင်တစ်နိုင် ဒီပန်းထိုးလုပ်ငန်းလေးကို စီးပွားရေးတစ်ခုအနေနဲ့စကြည့်ဖို့ အလုပ်အခက်ခဲဖြစ်နေတဲ့သူတွေလဲ အလုပ်လည်းရ ပညာလည်းရဆိုပြီး စလုပ်ဖြစ်ခဲ့တာပါ။”ဟု ဆိုသည်။
အထူးသဖြင့် ဒေသတွင်း အမျိုးသမီးများအား အလုပ်ပေးနိုင်ရန် နှင့် မြန်မာ့လက်မှုပညာကို မျှဝေပေးရန်ရည်ရွယ်ခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။
မယ်ရွှေဘုတ်က“လုပ်ငန်းစလုပ်တဲ့အခါမှာလည်း အမြတ်ဘယ်လောက်ကျန်တယ်ဆိုတာမျိုးထက် အများကိုအလုပ်ပေးလို့ရမလားဆိုပြီး စလုပ်ဖြစ်ခဲ့တာဖြစ်တဲ့အတွက် သက်ကြီးပိုင်းတွေကိုလည်း သူတို့လုပ်နိုင်တဲ့ အပိုင်းလေးတွေ ပေးလုပ်ထားပါတယ်။”ဟု ပြောသည်။
နှစ်ပတ်အကြာ သင်တန်းပေးပြီးနောက်တွင် ရောင်းတန်းဝင်ပစ္စည်းများ စတင်ထုတ်လုပ်ကာ ၎င်းတို့လုပ်ဆောင်နိုင်သည့် လုပ်ငန်းစဉ်အလိုက် ဝင်ငွေရရှိနေပြီဖြစ်သည်ဟု ဦးဆောင်သူများက ပြောသည်။
ကိုဗစ်ကာလမှ ယနေ့အထိ သင်တန်းသားဦးရေ ၃၀ ဦးခန့်ရှိခဲ့ပြီး အများစုမှာ လူငယ်အမျိုးသမီးများဖြစ်သည်။
လတ်တလောတွင် ခြုံသဘက်၊အိတ်အမျိုးမျိုး၊အကျီအထည်များ၊ ဦးထုပ်၊ ဖိနပ်၊ခေါင်းအုံး၊ထိုင်ခင်း၊အိပ်ရာခင်း၊အသုံးအဆောင်ပစ္စည်းများကို ပြည်တွင်းသာမက ဂျပန်၊စင်ကာပူနိုင်ငံများတွင်ရောက်ရှိနေသော မြန်မာနိုင်ငံသားများကပါ ဝယ်ယူအသုံးပြုလျက်ရှိသည်။
ပုံစာ–မယ်ရွှေဘုတ် ပန်းထိုးလုပ်ငန်းခွင်မှ ထုတ်လုပ်ထားသည့် လက်ကိုင်အိတ်။
Photo -crd
*********************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1344
YouTube -> https://youtu.be/E95gr8vKREs
Website -> https://thanlwinkhet.net/?p=4983
Website ->https://eng.thanlwinkhet.net