သံလွင်ခက်။
ဇွန် ၃၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များကစစ်ကြောရေးသို့ ခေါ်ဆောင်သွားသည်ဟု ဒေသခံများထံက သိရသည်။
ယနေ့ ဇွန်လ ၃ ရက်နေ့ နေ့လည်ပိုင်းတွင် ဆားလင်းကြီးမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ ( ပ. အ. ဖ ) လျှပ်စစ်အဖွဲ့ဝင် ကိုဗန့်ဂျီကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု သပိတ်တက်ကြွလှုပ်ရှားသူတစ်ဦးက သံလွင်ခက် သတင်းဌာနကိုပြောသည်။
၎င်းက “ ဒီကနေ့နေ့လည်ပိုင်းမှာပဲပေါ့နော် မုံရွာဘက်ခြမ်းက စစ်တပ်က ကိုဗန့်ဂျီကို မုံရွာဘက် စစ်ကြောရေးကိုပို့ဆောင်မလို့ထင်တယ် ၊လာရောက် ခေါ်ဆောင်သွားတာကိုတွေ့ရတယ်။ သူ့ကို လာရောက်ခေါ်ဆောင်တဲ့ စစ်တပ်ကလည်း စက်လှေပေါ်ကနေ ရမ်းပစ်လို့ ပြည်သူတစ်ဦး ကျည်ထိမှန် ဒဏ်ရာရခဲ့သေးတယ် ” ဟုဆိုသည်။
ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့တွင် မုံရွာဘက်မှ ဆားလင်းကြီးမြို့ လက်ပံတောင်းတောင်ဒေသ ကြေးနီစီမံကိန်းသို့ရိက္ခာလာပို့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကိုဗန့်ဂျီအပါအဝင် ပြည်သူ ၄ ဦးကို ဖမ်းဆီးထားခြင်းဖြစ်သည်။
ဒေသခံ တစ်ဦးက ” မုံရွာဘက်ကနေ ဝမ်ပေါင်ဘက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရိက္ခာလာပို့တာ။ အဲ့လိုလာပို့ရင်းနဲ့ လမ်းခုလပ်မှာ ပြည်သူ ၃ ဦးနဲ့အတူ ဖမ်းခံလိုက်ရတာ။ ပြီးတော့ ကိုဗန့်ဂျီရဲ့ အချက်လက်တွေ သိသွားတဲ့အခါ သူတို့အနေနဲ့ ညောင်ပင်ကြီးစခန်းထဲမှာပဲ စစ်ကြောရေး ပုံစံမျိုးနဲ့ ဖမ်းဆီးထားတာ ” ဟုဆိုသည်။
မုံရွာစစ်ကြောရေးစခန်းသို့ ဖမ်းခေါ်ဆောင်သွားရာတွင် ၄င်းနှင်အတူအဖမ်းခံရသူ ၃ ဦးမပါဝင်ဘဲ ပအဖအဖွဲ့ဝင် ကိုဗန့်ဂျီတစ်ဦးတည်းကိုသာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဒေသခံများထံက သိရသည်။
ဖမ်းဆီးခံထားရချိန်တွင် ရိုက်နှိက်ခံထားရပြီး စစ်ကြောစခန်းသို့ ထပ်မံဖမ်းဆီးခေါ်ဆောင်သွားသည့်အတွက်၎င်း၏ အသက်အန္တရာယ်အတွက် စိုးရိမ်သည်ဟု မိသားစုဝင်များက ပြောသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့ထိ ဖမ်းဆီးခံခဲ့ရသူ (၂၂၉၄၇) ဦးရှိပြီး ယင်းထဲမှ (၁၈၆၂၆) ဦးသည် ထိန်းသိမ်းခံနေရဆဲဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းAAPP ၏ ကောက်ယူထားသည့် စာရင်းများအရ သိရသည်။
ပုံစာ – ဖမ်းဆီးခံထားရသည့် ကိုဗန့်ဂျီ
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1316
YouTube -> https://youtu.be/E95gr8vKREs
Website -> https://thanlwinkhet.net/?p=4892
Website ->https://eng.thanlwinkhet.net