သံလွင်ခက်
ဇွန် ၃ ၊ ၂၀၂၃ ။
စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ယခုရက်ပိုင်းအတွင်း ပြည်သူများမကြာခဏထိခိုက်သေဆုံးနေသည့် မိုးဗြဲမြို့တွင် ယနေ့တွင်လည်း ပြည်သူတစ်ဦးထပ်မံသေဆုံးခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။
ယနေ့ ဇွန်လ ၃ရက် နံနက် ၆း၀၀ နာရီ အချိန်တွင် မိုးဗြဲအခြေစိုက် ခမရ(၄၂၂) တပ်မှ မိုးဗြဲမြို့တွင်းကို တာဝေးပစ်လက်နက်ကြီးဖြင့် ၅ ကြိမ် ပစ်ခတ်ခဲ့သည်။
အဆိုပါလက်နက်ကြီးပစ်ခတ်မှုကြောင့် အသက်၂၀ ကျော်အရွယ် အမျိုးသားတစ်ဦး ဦးခေါင်းပြင်းထန်ဒဏ်ရာရရှိပြီး ဆေးရုံသို့ပို့ဆောင်ခဲ့သော်လည်း ထိုဒဏ်ရာဖြင့်ပင် သေဆုံးခဲ့သည်ဟု ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူများထံမှ သိရသည်။
ယနေ့တွင်လက်နက်ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးခဲ့သည့်အပြင် မိုးဗြဲမြို့ လမ်းမကြီးဘေးတွင် စက်သုံးဆီရောင်းနေသော ဆီဆိုင်တစ်ဆိုင်နှင့် ဆိုင်ကယ်နှစ်စီးတို့မီးလောင်သွားခဲ့ပြီး ဆိုင်ကယ်ဆီလာထည့်နေသောပြည်သူ ၂ ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု
မိုးဗြဲPDF ကထုတ်ပြန်ထားသည်။
မိုးဗြဲအခြေစိုက် ခမရ(၄၂၂)တပ်မှ မိုးဗြဲမြို့တွင်းကို တာဝေးပစ် လက်နက်ကြီးဖြင့် မကြာခဏပစ်ခတ်နေရာ မေလ၂၉ရက်၊ ည၁၀ နာရီခန့်တွင်လည်း လက်နက်ကြီး ၂၀ လုံးထက်မနည်း ပစ်ခတ်ခဲ့သည်။
လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၃ဦး ထိခိုက်ဒဏ်ရာရရှိပြီစ အသက် ၁၁ နှစ်အရွယ်မိန်းကလေး တစ်ဦးသေဆုံးခဲ့သည်။ ထို့ပြင် မေလ၂၇ ရက်တွင်လည်း မိုးဗြဲမြို့ပေါ်ကို လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အသက်၃နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့သည်ဟု မိုးဗြဲPDFက ထုတ်ပြန်ထားသည်။
” သူတို့တပ်စွဲထားတဲ့ နေရာကပဲ ပြည်သူတွေက ရှောင်ကြတယ်။ မြို့ထဲကမရှောင်ကြဘူး ။၂၇ ရက်ကတိုက်ပွဲဖြစ်ပြီးနောက်ပိုင်း လက်နက်ကြီးတွေနဲ့တောက်လျောက်ပစ်နေတာ။ အခုရက်ပိုင်းက တိုက်ပွဲလည်းမရှိဘူး။လေကြောင်းကလာကြဲတာတွေလည်း ရှိနေတယ် “ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ရှမ်း–ကယားနယ်စပ် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့အဝင်ညောင်ဝိုင်းရပ်ကွက်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့်ကာကွယ်ရေးပူးပေါင်းတပ်တို့ မေလ၂၇ရက်၊ နံနက်ပိုင်းတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ လေယာဥ်ဖြင့် ၈ ကြိမ် လာရောက်တိုက်ခိုက်ခဲ့သည်။
ထို့ပြင်လက်နက်ကြီးများဖြင့် အမြောက်အများပစ်ခတ်ခဲ့ပြီး လေကြောင်းနှင့်လက်နက်ကြီးတို့ဖြင့်တိုက်ခိုက်မှုကြောင့် ပြည်သူ ၃ဦးသေဆုံး( တောင်ယာသွားနေသောပြည်သူတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့မှုအပါအဝင် )၍ ပြည်သူ၄ ဦးဒဏ်ရာရရှိခဲ့သည်ဟု မိုးဗြဲPDFက ထုတ်ပြန်ထားသည်။
ပုံစာ–ယနေ့ဇွန်လ၃ရက်တွင် မိုးဗြဲမြို့တွင်းကို လက်နက်ကြီးပစ်ခတ်မှုကြောင့် မီးလောင်နေမှု။
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1315
YouTube -> https://youtu.be/E95gr8vKREs
Website -> https://thanlwinkhet.net/?p=4889
Website ->https://eng.thanlwinkhet.net