ယမင်းဖူးပွင့်အောင်
မေ ၃၁၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှ အိမ်ထောင် ၁၃၀ ရှိ ရေဘေးသင့်ပြည်သူများကို သွားရောက်ကူညီပေးခဲ့သည်ဟု Monywa People’s Force-MPF Support Team (မုံရွာထောက်ပို့အသင်း)ထံမှ သိရသည်။
ယင်းမာပင်မြို့နယ်တွင် လုံခြုံရေးအရ အမည်မဖော်လိုသော ကျေးရွာတစ်ရွာမှ ရေဘေးသင့်ပြည်သူများကို တစ်အိမ်ထောင်လျှင် ဆန်တစ်ပြည်၊ ရေကဒ်တစ်ကဒ် အပြင် ခေါက်ဆွဲခြောက်ထုပ်၊ အသားတုများနှင့်ဆပ်ပြာမှုန့်များသွားရောက်လှူဒါန်းခဲ့သည်ဟု MPF Support Team မှ တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“ဘာလို့သွားလှူဖြစ်တာလဲဆိုတော့ ကျွန်တော်တို့မှာက ပြည်သူမှာပြည်သူပဲရှိတယ်လေ၊ ကူညီမှုအရောက်အပေါက်နည်းတဲ့နေရာမလို့လည်း သွားကူဖြစ်တာပါဗျ“ဟု ဆိုသည်။
မေလ ၁၄ ရက်နေ့က တိုက်ခဲ့သည့် မိုခါအင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြောက်ယမားဆည်ကျိုး၍ချောင်းရေလျှံမှု ဖြစ်ပွားခဲ့သည်။
MPF အဖွဲ့ဝင်များသွားရောက် ကူညီခဲ့သည့် အဆိုပါကျေးရွာတွင်လည်း ရေကြီးရေလျှံမှုကြောင့် အိမ်အလုံးလိုက်ပျက်စီးမှုများ၊ အုတ်တံတိုင်းကျိုးပျက်မှုများ ဖြစ်ပေါ်ခဲ့ပြီး အချို့ပြည်သူများမှာ ကုန်းမြေအမြင့်ပိုင်းနေရာသို့ရွှေ့ပြောင်းနေထိုင်နေကြရသည်ဟု ကူညီသူတစ်ဦးကပြောသည်။
မုန်တိုင်းဒဏ်သင့်ပြီး နှစ်ပတ်ကျော်ကြာသည်အထိ ရေဘေးသင့်ပြည်သူများမှာ စားဝတ်နေရေးခက်ခဲနေပြီးအခြေခံစားသောက်ကုန်များ လိုအပ်နေသည်ဟု MPF Support Team မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
” လက်ရှိသူတို့မှာ စားနပ်ရိက္ခာ ကုန်ခြောက်စသည်ဖြင့် လိုတာပေါ့။ စားဝတ်နေရေးကတော့ အခုလိုလာရောက်လှူဒါန်းတာလေးတွေနဲ့ သူတို့မှာရှိတာလေးတွေနဲ့စားနေကြရတာ“ဟု ပြောသည်။
ပြီးခဲ့သည့် မေလ ၁၄ရက်နေ့က မြောက်ယမားချောင်းရေလျှံမှုကြောင့် ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ရွာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ပုလဲမြို့နယ်တွင် လယ်ယာမြေဧက ၂၇၀၀ ကျော် ပျက်စီးခဲ့သည်။
ပုံစာ− ရေဘေးသင့်ပြည်သူများကို သွားရောက်လှူဒါန်းသည့်မြင်ကွင်း။
Photo-Crd
*******
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1277
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4768
Website ->https://eng.thanlwinkhet.net