ကောင်းချစ်အောင်
မေ ၂၇၊ ၂၀၂၃။
ဒလန်သတင်းပေးပို့မှုကြောင့် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းရှိ TGYR-Youth Guerrilla Counter Revolution ကာကွယ်ရေး တပ်ဖွဲ့စခန်းတစ်ခုစီးနင်းခံရသော်လည်း စခန်းရှိရဲဘော်များအားလုံး အသက်ဘေးမှလွတ်မြောက်ခဲ့သည်ဟု သိရသည်။
အဆိုပါစခန်းရှိ တပ်ဖွဲ့ဝင်ရဲဘော်အများစုမှာ မြောင်မြို့နယ်အတွင်း စစ်ကြောင်းထွက်နေချိန် စခန်းတွင် အမျိုးသမီးရဲဘော်အချို့အပါအဝင် ရဲဘော်ရှစ်ဦးသာ လက်နက်အနည်းငယ်ဖြင့် စခန်းစောင့်အဖြစ် ကျန်ရစ်ခဲ့သည်ဟု သိရသည်။
အင်အားအနည်းငယ်သာကျန်ရှိနေသည့်အခြေအနေနှင့် စခန်းနေရာအား ဒလန်မှသတင်းပေးပို့ခဲ့ရာ ယမန်နေ့နံနက်၅နာရီခန့်တွင် အင်အား ၅၀ပါ စစ်ကောင်စီစစ်ကြောင်းက ရုတ်တရက်စီးနင်းခဲ့သည်ဟု TGYR အဖွဲ့ တိုက်ခိုက်ရေးခေါင်းဆောင် ကိုအီကိုက သံလွင်ခက်ကိုပြောသည်။
“စခန်းတည်နေရာအတိအကျနဲ့ကို စစ်ကောင်စီဘက်က ရုတ်တရက်ဝင်ချလာတာ။ ကင်းရဲဘော်တွေနဲ့ အနီးကပ်ပစ်ခတ်ကြတယ် ။ လက်နက်အင်အားမမျှတော့ မောင်းပြန်သေနတ်တွေပဲယူပြီး အကုန်ထားခဲ့ရတယ်“ဟု ၎င်းကဆိုသည်။
ထို စီးနင်းခံရမှု၌ စခန်းမှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကစခန်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး နံနက်၉နာရီခန့်တွင် ပြန်လည်ထွက်ခွာသွားခဲ့သည်ဟု သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် AKကျည် ၄၁တောင့်၊ 5.56ကျည် ၂၅၀တောင့်၊ 9လုံးကျည်၂၄၇တောင့်၊ တပ်ဖွဲ့ဝင်ဖောင်အပြည့်စုံ၊ ရဲဘော်များကိုင်ဆောင်သည့်ဖုန်းနှစ်လုံး၊ စကားပြောစက်လေးလုံး၊ 9mm ကျည် ၃၄ တောင့်၊ မိုင်းခြောက်လုံး၊ ၆၀မမကျည်ဖူး ၄၀၊ ဆိုင်ကယ်နှစ်စီး၊ ဆန်တစ်အိတ်၊ ဆီတစ်ပုံး ဆုံးရှုံးခဲ့ရပြီးကျပ်သိန်းတစ်ရာ့ငါးဆယ်ခန့်နီးပါးရှိသည်ဟု ကိုအီကိုကဆိုသည်။
“သူတို့တွေက စခန်းမှာအကြာကြီး ဇိမ်နဲ့ကို မီးရှို့သွားတာ။ လိုချင်တဲ့ပစ္စည်းတွေသယ်သွားတာ။ စခန်းကထမင်းဟင်းတွေပါ စားသွားသေးတယ် ။ ကာလပေါက်ဈေးနဲ့ဆို သိန်း၁၅၀ ဝန်းကျင်လောက်ဆုံးရှုံးခဲ့ရတယ်“ဟု ၎င်းကဆိုသည်။
စခန်းစီးနင်း ဖျက်ဆီးခံခဲ့ရသော်လည်း TGYR အဖွဲ့အနေဖြင့် တိုက်ပွဲဖော်ဆောင်မှုများ အရှိန်လျော့သွားမည်မဟုတ်ဘဲ မိဘပြည်သူများအနေဖြင့် ပြန်လည်ထူထောင်ရေးအတွက် ကူညီပေးကြရန် TGYRအဖွဲ့က တောင်းဆိုထားသည်။
***********
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1215
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4634
Website ->https://eng.thanlwinkhet.net