နန်းဆုပန်ခန့်
မေလ ၂၃ ၊ ၂၀၂၃။
ပြီးခဲ့သည့် စပါးရိတ်သိမ်းချိန်တွင် တိုက်ပွဲများကြောင့် ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးခဲ့ရသည့် ကေအဲန်ယူတပ်မဟာ၃ ဒေသခံများသည် လာမည့်မိုးရာသီစပါးပြန်စိုက်ရန်အတွက်လည်း ထွန်ယက်မှုများမပြုလုပ်နိုင်သေးဘဲ စစ်ကြောင်းများထိုးနေမှုကြောင့် မကြာခဏထွက်ပြေးတိမ်းရှောင်နေကြရသည်။
ကေအဲန်ယူတပ်မဟာ ၃ ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင် ခရိုင်အတွင်းရှိ မုန်းမြိုနယ်နှင့် ကျောက်ကြီးမြို့နယ်အတွင်းရှိကျေးရွာ ၇၀ ရာခိုင်နှုန်းသည် စစ်ကောင်စီစစ်ကြောင်းထိုးလိုက်၊ ပြန်ဆုတ်လိုက်လုပ်သောကြောင့်ဒေသခံများအနေဖြင့် ကြောက်လန့်ပြီး ထွက်ပြေးလိုက်၊ ရွာထဲပြန်ဝင်လိုက်လုပ်နေရသည်ဟု ကျောက်ကြီးဒေသခံတစ်ဦးကပြောသည်။
၎င်းက” တချို့ကျတော့ အခြေအနေအရအပေါ်မှာပြန်နေကြ ပြီး။ တမာခေါတို့၊ တောင်ကြီးတို့လိုပေါ့၊ ပြန်နေတယ်၊ဒါပေမယ့် ဒီလိုမျိုးသူတိုစစ်ကြောင်းထိုးတဲ့အခါကျတော့ ထပ်ပြေးပြန်ရော “ဟု သံလွင်ခက်ကိုပြောသည်။
တိုက်ပွဲများ၊ စစ်ကောင်စီတပ်စစ်ကြောင်းထိုးမှုများနှင့် ကျေရွာများအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုများကြောင့် ဒေသခံအများစုသည် နေရပ်မပြန်နိုင်ကြသေးသည်မှာ တစ်နှစ်နီးပါးကြာမြင့်နေပြီ ဖြစ်သည်။
မုန်းမြို့နယ်အတွင်း၌တချို့ကျေးရွာများအတွင်း ပြန်ဝင်နေကြသည့်ဒေသခံများမှာလည်း ပြီးခဲ့သော ဧပြီလမှစ၍တိုက်ပွဲများပြန်လည်ဖြစ်ပွားပြီး စစ်ရေးတင်းမာမှု နှင့် မကြာခဏစစ်ကြောင်းထိုးနေမှုများနှင့်ကြုံနေကြရသည်။
” အခုအချိန်ကလယ်ထဲဆင်းရမယ့်အချိန်၊ လယ်ထွန်ရမယ့်အချိန်ရောက်နေပြီး။ တချို့နေရာတွေကျောက်ကြီး– နတ်သံကွင်းကားလမ်းနှုတ်ခမ်းက ရွာနဲ့လယ်တွေ၊ ကားလမ်းဘေးနားကလယ်တွေ ဒီရန်မျိုးအောင်၊ နောင်ကုန်း၊ကျွန်းကုန်း ဒီကားလမ်းတလျှောက်မှာရှိတဲ့လယ်တွေပေါ့နော်။ အများကြီးပေါ့၊၊ အဲ့ဒီလယ်တွေ ဒီနှစ်အတိုင်းအတာလည်းထွန်ဖြစ်တော့မှာမဟုတ်ဘူး။ အဲ့ကားလမ်းနဲ့နည်းနည်းဝေးတဲ့နေရာတောင်မှ အခြေအနေအရပေါ်မှာပဲ ကြည့်ပြီးတော့သူတို့ လုပ်နေရမယ့်အနေအထားမှာရှိတယ် “ဟု ဒေသခံ တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်စစ်ကြောင်းများသည် ဒေသခံပြည်သူများကို လူသားဒိုင်းအဖြစ်ဖမ်းဆီးနှင့် သတ်ဖြတ်မှုများရှိနေသောကြောင့် ဒေသခံအများစုမှာ နေရပ်မပြန်နိုင်ခြင်းဖြစ်သည်။
ကျောက်ကြီးနှင့် မုန်းဘက်မှ ဒေသခံပြည်သူများသည် လယ်မြေ၊ ကိုင်းမြေများဖြင့် အသက်မွေးဝမ်းကျောင်းအဓိကပြု နေရသောကြောင့် မကြာခဏစစ်ကြောင်းထိုးခံနေရမှုအခြေအနေ၌ တောင်သူလယ်သမားများအခက်အခဲတွေ့နိုင်ဟု စစ်ရှောင်ကူညီသူတစ်ဦးကပြောသည်။
“မနှစ်ကလည်း တချို့ဆို စပါးတွေလည်းရုတ်သိမ်းနိုင်ခြင်းမရှိပဲနဲ့ စပါးတွေ ဒီအတိုင်းပဲပျက်ဆီးသွားတယ်။ တချို့နေရာအများကြီးက အဲ့လိုတွေရှိခဲ့ဖူးတယ်ပေါ့။ ဆိုတော့ ဒီနှစ်အခြေအနေဘယ်လိုလာဦးမလဲ။ သူတို့ဒီလိုပဲ ဆက်သွားမယ်ဆိုရင်တော့ ခုဏကဒေသခံတွေရဲ့စီးပွားဘဝအခြေအနေ၊ အဓိကကသူတို့အသက်မွေးဝမ်းကျောင်းပြုတဲ့လယ်ယာ။ လယ်သမားတွေ၊ တောင်သူလယ်သမားတွေ အတွက်တော့ သူတို့တော့ အကြပ်အတည်း၊ ခက်အခဲတွေ့မယ့်အနေအထားမှာရှိတာပေါ့ “ဟု ၎င်းကပြောသည်။
ပြီးခဲ့သော ဧပြီလ ၂၂ရက်တွင် မုန်းမြို့နယ်ရှိ နောင်ကုန်းစခန်း၊ ရန်မျိုးအောင်စခန်းနှင့်လယ်ဒိုမြို့နယ်ရှိ ညောင်ကုန်းစခန်းနှင့် ကျွန်းကုန်း စခန်းတို့ကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
မုန်းမြို့နယ် ညောင်ပင်သာကျေးရွာတွင် ယခုလ မေလ ၁၀ ရက်တွင် စစ်ကောင်စီ၏ တပ်မ – ၄၄ ၊ ခလရ – ၇၃ ၊ခမရ – ၅၉၉ ၊ ခမရ – ၅၉၀ နှင့် ခလရ – ၄၈ တို့နှင့် KNLA တပ်ဖွဲ့ဝင်များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
အဆိုပါစခန်းသိမ်းတိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ကျောက်ကြီးမြို့နှင့်မုန်းမြို့နယ်အတွင်းရှိကျေးရွာများသို့ မကြာခဏစစ်ကြောင်းထိုးနေပြီး ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှုများပြုလုပ်နေရာ ယခုမေလ၁၀ရက် တွင် ညောင်ပင်သာရွာ၌ သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူ ၂၀ဦးတို့ အစုလိုက်သတ်ဖြတ်ခံခဲ့ရသည်။
လက်ရှိတွင် မုန်းမြို့နယ်နှင့် ကျောက်ကြီးမြို့နယ်အတွင်း၌ ကျေးရွာပေါင်း ၁၇၃ ရွာစစ်ဘေးရှောင်နေကြရပြီးအဆိုပါမြို့နယ်များတွင် အာဏာသိမ်းစ ပထမနှစ်အတွင်း၌ ထွန်းယက်စိုက်ပျိုးမှုများပြုလုပ်နိုင်သေးသော်လည်းယမန်နှစ်နှင့် ယခုနှစ်အတွင်း၌ တောင်သူအများစု စိုက်ပျိုးမှုများ မပြုလုပ်နိုင်ခြင်းဖြစ်သည်။
အာဏာသိမ်းပြီးနောက်ပိုင်း ကေအဲန်ယူ တပ်မဟာ ၃ နယ်မြေတွင် စစ်ရှောင်ဦးရေ တစ်သိန်းခွဲကျော်ရှိသည့် အနက်မုန်း(မူး) မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်တွင် စစ်ရှောင်ဦးရေ ၁ သိန်းကျော်ထိရှိသည်ဟု စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။
ပုံစာ–စစ်ကောင်စီတပ်စစ်ကြောင်းများကြောင့် ယခုလအတွင်း၌ ကေအဲန်ယူတပ်မဟာ၃ ဒေသခံများ ရှောင်တိမ်းနေရမှု။
***************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1160
YouTube -> https://youtu.be/1zvy3BjIqAs
Website -> https://thanlwinkhet.net/?p=4500
Website ->https://eng.thanlwinkhet.net