ကောင်းချစ်အောင်
မေ ၂၂၊ ၂၀၂၃။
မန္တလေးမြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်သည့် Royal Phoneix Guerrilla Force-RPGF အဖွဲ့ဝင်ရှစ်ဦးနှင့်ငွေကြေးထောက်ပံ့သူငါးဦးကို တရုတ်ကြိုးဆွဲ လက်ပစ်ဗုံးငါးလုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု စစ်ကောင်စီသတင်းပြန်ကြားရေးအဖွဲ့က ယမန်နေ့က ထုတ်ပြန်ထားသည်။
ပြီးခဲ့သော ဧပြီလ ၆ရက်တွင် RPGF ဒုခေါင်းဆောင်ဖြစ်သူ ကိုချမ်းမြေ့ဦး(ခ)ဘရိတ်ကီ(ခ) ကောက်ကြီးကို ချမ်းမြသာစည်မြို့နယ်ရှိ တည်းခိုးခန်းတစ်ခုတွင် ဖမ်းဆီးခဲ့ပြီး ညှင်းပန်းစစ်ဆေးမှုများလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဒုခေါင်းဆောင်၏ ထွက်ဆိုချက်အရ မေလ ၁၈ရက်နံနက်ပိုင်းတွင် ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်တွင် RPGF ခေါင်းဆောင်ဖြစ်သူ စောဘငြိမ်း (ခ) ပြည်ငြိမ်းချမ်း (ခ) ကိုစော(ခ)ကိုပြည့်အားလည်းကောင်း၊ အမရပူရမြို့နယ်တွင် အဖွဲ့ဝင်များဖြစ်သည့် ကိုဇော်ရဲထက်(ခ)သားသား၊ ကိုအောင်ထွန်းမင်း(ခ)အော်တိုနှင့်ကိုမင်းမင်းဦး(ခ)သက်ဦးမောင်အားလည်းကောင်း၊ ရတနာပုံ စစ်ကိုင်းတံတားထိပ် စစ်ဆေးရေးဂိတ်တွင် ကိုဇော်ထက်နှင့် ကိုဟိန်းထက်အား၎င်း ဖမ်းမိခဲ့သည်ဟု စစ်ကောင်စီကဆိုသည်။
အဆိုပါမေလ ၁၈ရက်ညတွင် ငွေကြေးထောက်ပံ့သူများဖြစ်သည့် ခိုင်ခိုင်အောင်၊ သူဇာဝေ၊ ရန်နောင်ဖြိုး၊ အောင်ရဲကျော် လေးဦးအား ဖမ်းဆီးရမိပြီး မဝင်းမာဆိုသူကို တရုတ်ကြိုးဆွဲ မိုင်းငါးလုံးနှင့်အတူ ဖမ်းမိခဲ့သည်ဟု သိရသည်။
UG အဖွဲ့ဝင်များကို ဖမ်းမိသည်ဟူသော စစ်ကောင်စီထုတ်ပြန်သည့်သတင်းမှာ ဟုတ်မှန်သည်ဟု အမည်မဖော်လိုသည့် မန္တလေးပြောက်ကျားအဖွဲ့ဝင်တစ်ဦးက သံလွင်ခက်ကိုအတည်ပြုပြောကြားသည်။
“သတင်းမှန်ပါတယ် ကျွန်တော့်ညီတွေဆိုလည်း မမှားဘူး။ ညီအစ်ကိုလိုပေါင်းတဲ့ကောင်တွေပါ။ တံတားမှာ နှစ်ယောက် အိမ်တွေမှာ သုံးယောက်ပါသွားတာတော့ သေချာသိတယ်“ဟု ၎င်းကဆိုသည်။
RPGF အဖွဲ့ဝင်များသည် မန္တလေးနှင့် စစ်ကိုင်းတွင် ဖောက်ခွဲမှု ကိုးကြိမ်လုပ်ဆောင်ခဲ့ပြီး အချို့ဖောက်ခွဲမှုများကိုအောင်စည်တော်စစ်ဆင်ရေးအမည်ဖြင့် လုပ်ဆောင်ခဲ့သည်ဟု စစ်ကောင်စီကထုတ်ပြန်ထားသည်။
ယခုလို မြို့ပြပြောက်ကျားအဖွဲ့ဝင်များ ဖမ်းဆီးခံလိုက်ရခြင်းသည် နှမြောစရာကောင်းသော်လည်း မြို့ပြမစ်ရှင်များဆက်လက်လုပ်ဆောင်ရေးအတွက် လုံခြုံရေးဆိုင်ရာ ထိခိုက်မှုမရှိဘူးဟု No More Dictatorship-NMDအဖွဲ့တာဝန်ခံ ကို Zeusကဆိုသည်။
“ကိုယ့်အဖွဲ့ရဲ့ လုံခြုံရေးကို အခြားအဖွဲ့ကသိထားတာမျိုး မရှိဘူးဗျာ။ ကျွန်တော်တို့ တစ်ကန့် စီဘဲသွားတယ်။ကျွန်တော်တို့အဖွဲ့သားအချင်းချင်းတောင် နာမည်ရင်းမသိဘူ အဲတော့ သတင်းလိုက်လို့မရဘူး“ဟု ၎င်းကဆိုသည်။
စစ်ကောင်စီအနေဖြင့် ယခုလပိုင်းအတွင်း သံသယရှိလူငယ်များကို လိုက်လံဖမ်းဆီးလျက်ရှိပြီး ယမန်နေ့ညပိုင်းတွင် သုံးဦးထက်မနည်းဖမ်းဆီးခံရမှုများရှိသည်ဟု ဒေသခံများကဆိုသော်လည်း သံလွင်ခက်အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိပေ။
ထို့အပြင် ယမန်နေ့က အမရပူရမြို့နယ်ရှိ ပလစ၂တပ်ရင်းအား ဗုံးပစ်သွင်းမစ်ရှင်လုပ်ဆောင်သည့် မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံခဲ့ရသည်ဟုလည်း သိရသည်။
ပုံစာ– ဖမ်းဆီးခံလိုက်ရသည့် မြို့ပြပြောက်ကျားအဖွဲ့ဝင်များကို စစ်ကောင်စီက သတင်းထုတ်ပြန်ထားမှု။
***************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1158
YouTube -> https://youtu.be/1zvy3BjIqAs
Website -> https://thanlwinkhet.net/?p=4497
Website ->https://eng.thanlwinkhet.net