ယမင်းဖူးပွင့်အောင်
မတ် ၂၇၊ ၂၀၂၃။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် အသက် အန္တရာယ်ခြိမ်းခြောက် လုယက်မှုများ များလာသည်ဟု ဒေသခံများကပြောသည်။
မုံရွာမြို့ပေါ်တွင် ယမန်နေ့က လုယက်မှုနှစ်ခုဖြစ်ပွားခဲ့ပြီး ဒေသခံများအကြား စိုးရိမ်မှုများ မြင့်တက်နေသည်ဟုမြို့ခံတစ်ဦးက သံလွင်ခက်ကို ပြောသည်။
မုံရွာမြို့၊ကွေ့ကြီးရပ်ကွက် တောင်ဘက်ရှိ ချင်းတွင်းကုန်စုံဆိုင်အား ယမန်နေ့ နံနက် ၁၀ နာရီဝန်းကျင်ခန့်က ဆိုင်ကယ်သုံးစီးဖြင့် လူသုံးယောက်က ဝင်ရောက်ဓားပြတိုက်ခဲ့သည်။
အဆိုပါဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသည့် ဒေသခံတစ်ဦးက“ဘောလုံးဘောင်းဘီဝတ်ထားတဲ့သုံးယောက်လာတာ။တစ်ယောက်ကတော့လက်နက်ပါတယ်။ဆိုင်ရှင်လည်ပင်းကို ကတ်ကြေးနဲ့ထောက်ပြီး ဓားပြတိုက်သွားတာ” ဟုပြောသည်။
အဆိုပါ ဓားပြတိုက်မှုကြောင့် ဖုန်းသုံးလုံးနှင့် အတူ ဈေးရောင်းရငွေများ ပေးလိုက်ရသည်ဟု ၎င်းကဆက်ပြောသည်။
ထို့ပြင် ယမန်နေ့ နံနက် ဆယ်နာရီခွဲခန့်ကလည်း မုံရွာမြို့ ၊ ပြည်ထောင်စုလမ်းနှင့် ဗိုလ်ချုပ်လမ်းကြားရှိ ကန်သာယာကန်တွင် စုံတွဲတစ်တွဲ သေနတ်ဖောက်၍ ဆိုင်ကယ်လုခြင်းခံလိုက်ရသည်ဟု Monywa Roads Information (MRI)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ကားပေါ်က လူလေးယောက်က သေနတ်အရင်ဖောက်ပြီး ဆိုင်ကယ်လုသွားတာပါ။ သော့ခတ်ထားတာတောင် ဖွင့်ပေးလိုက်ရတယ်“ဟု ၎င်းကပြောသည်။
အာဏာသိမ်းပြီးနောက် မုံရွာမြို့ပေါ်တွင် ဓားပြတိုက်မှု၊ အနုကြမ်းစီးမှုများ မကြာခဏဖြစ်ပွားလျက်ရှိသည်ဟုဒေသခံများက ပြောသည်။
စစ်ကောင်စီနှင့် လက်အောက်ခံ ပျူစောထီးတို့ ပူးပေါင်း၍ ပြည်သူလူထုနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များအကြားသွေးကွဲစေရန် ရည်ရွယ်ကာ PDF အယောင်ဆောင်၍ လုယက်မှုများ လုပ်ဆောင်နေသည့်အတွက် မုံရွာမြို့နေမိဘပြည်သူများအား အထူးဂရုစိုက်ကြရန် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များကသတိပေးထားသည်။
Photo Crd – မုံရွာမြို့ ကန်သာယာ မြင်ကွင်း။