မတ် ၂၇ ၊ ၂၀၂၃ ။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ကရင်နယ်ခြားစောင့်တပ် BGF၏ ကြောင်လျှာကုန်းစခန်းကို KNLA နှင့်PDF ပူးပေါင်း ကျားဖြူစစ်ကြောင်းက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။
ကော့ကရိတ်–မြဝတီလမ်းဟောင်းရှိ ကြောင်လျှာကုန်းBGF စခန်းအား ကျားဖြူစစ်ကြောင်းတပ်ဖွဲ့ဝင်များကယမန်နေ့ မတ်လ၂၆ရက်တွင် ဝင်ရောက်စီးနင်းခဲ့ကြသည်။
” သူတို့အဲ့မှာ ဆယ်ယောက်လောက်ပဲရှိတယ်။ အဲမှာကျွန်တော်တို့ ၂၅ ယောက်ပဲဝင်သွားတာ။ သူတို့ကျွန်တော်တို့ကိုမပစ်ရဲဘူး။ သူတို့ဆုတ်ခွာထွက်ပြေးသွားကြတယ်“ဟု ကျားဖြူစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ကြောင်လျှာကုန်းစခန်းတွင်းရှိ BGFတပ်ဖွဲ့ဝင်များက လက်နက်များကို ယူဆောင်ထွက်ပြေးသွားကြသည့်အတွက်စခန်းကိုအလွယ်တကူ သိမ်းပိုက်နိုင်သော်လည်း လက်နက်များ သိမ်းပိုက်ရရှိခြင်းမရှိခဲ့ပေ။
စခန်းကိုသိမ်းပိုက်ရရှိပြီးနောက် စခန်းအဆောက်အဦးများကို မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်ဟုသိရသည်။
“ အရင်က DKBA ဝင်း။ ကော့ကရိတ် အမှတ်၇ အပိုင်ထဲပါမယ်ထင်တယ်။ ခနိမ်းမူသုဿန်နား။ ယခင်ကအမှတ်၃ကားကွင်းဟောင်းထိပ် ။ တောင်ပေါ်လမ်းဟောင်းတက်တဲ့ ထမင်းဆိုင်တန်းတွေရဲ့အလွန်။ ဆက်သွားရင်ရန်ကုတ်၊ ပျားပင် ဗိုလ်ကျော်သက်နေရာ အဲသည်ကျော်ရင် အောက်ဘိုတဲ “ဟု ဒေသခံတစ်ဦးက ကြောင်လျှာကုန်းBGFစခန်းတည်နေရာအားပြောသည်။
စခန်းသိမ်းပိုက်ပြီးနောက် ကော့ကရိတ်မြို့အဝင်ရှိ စစ်ကောင်စီ၏ ၉၇ တပ်က လက်နက်ကြီးများဖြင့် အချက် ၃၀ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အနီးနားရှိ ကျေးရွာများနှင့်ဘုရားစေတီများလည်း ထိခိုက်ပျက်စီးမှုများရှိသည်ဟု ဒေသခံများထံမှသိရသည်။
ကြောင်လျှာကုန်းBGF စခန်းကို ကျားဖြူစစ်ကြောင်းမှဝင်ရောက်စီးနင်းချိန် အဆိုပါစခန်းတွင်းရှိ BGF တပ်ဖွဲ့ဝင်များသည် ဗိုလ်မှူးကြီးစောချစ်သူ၏သားစခန်းထိုင်သော ငါးတိုင်စခန်းကို သွားရောက်ပူးပေါင်းခဲ့သည်။
ထို့နောက် ငါးတိုင်စခန်းဘက်တွင်လည်း BGFနှင့် KTLK တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ကလေကြောင်းမှလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
မတ်လ ၂၅ရက်မှစ၍ မြဝတီ၊ သင်္ဃန်းညီနောင်၊ ကျုံထိုးနှင့်ကော့ကရိတ်တို့ တိုက်ပွဲပွားနေရာအနှံ့ပြင်းထန်ဖြစ်ပွားနေခဲ့ရာ လက်ရှိအချိန်ထိစစ်ရေးတင်းမာလျက်ရှိနေသည်။